နွားထိုး တိုက်ပွဲမှာ ဘဏ်အပါအဝင် အစိုးရအဆောက်အဦတွေ ပျက်စီးခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုရှိ

 

ဩဂုတ် ၁၁ – ၂၀၂၄
CC (VOM)

နွားထိုးကြီးမြို့ပေါ်မှာမနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် အစိုးရဌာနဆိုင်ရာ ရုံးအချို့မီးလောင်ပျက်စီးခဲ့သလို KBZ ဘဏ်လည်းထိခိုက်ပျက်စီးပြီး PDF နဲ့ နစကတပ်နှစ်ဘက်စလုံး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။

အစိုးရရုံးတွေက စည်ပင်ရုံး၊ဆောက်လုပ်ရေးဌာန၊တရားရုံး အပါအဝင်အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့တာဖြစ်ကြောင်း ၊ရဲစခန်းလည်း တိုက်ခိုက်ခံခဲ့ရကာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာဖြစ်တယ်လို့ကနဦးသိရပါတယ်။

” ကမ္ဘောဇဘဏ်ပျက်စီးတယ်၊တရားရုံးလည်းပါတယ်။အခုမြို့ပေါ်အခြေအနေကတော့ သွားလာလှုပ်ရှားတာရှိပေမယ့်စည်စည်ကားကားမဟုတ်ဘူး။လိုအပ်တာဝယ်အိမ်ပြန်ပေါ့။တချို့လည်း စစ်ရှောင်ဖို့ လုပ်ကြတယ်။ရှောင်ကြတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။

ဒီနေ့ဩဂုတ်လ ၁၁ ရက်နေ့မှာတော့ နွားထိုးကြီး မြို့ပေါ်မှာ မြေပြင်နှစ်ဘက်ထိတွေ့တိုက်ပွဲရော လက်နက်ကြီးပစ်ခတ်မှုတွေပါမရှိဘဲ ငြိမ်နေတာကြောင့် မြို့ခံအချို့ကတော့ရရာနည်းလမ်းသုံးပြီး မြို့ကနေထွက်ခွာကာစစ်ဘေးရှောင်မှုရှိတယ်လို့လည်းသိရပါတယ်။

လတ်တလောမှာတော့ တိုက်ပွဲဂယက်အပြင် ရုံးပိတ်ရက်ဖြစ်တာကတကြောင်း ၊ အစိုးရဌာနဆိုင်ရာ ရုံးအားလုံးပိတ်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်း ယာယီရပ်နေတယ်လို့ဒေသခံတွေကပြောပြချက်အရသိရပါတယ်။

နွားထိုးကြီး မြို့ပေါ်တိုက်ပွဲမှာ နစကတပ်ဖွဲ့ဝင်တွေဘက်ကလည်းကျဆုံးရှိသလို PDF တွေဘက်ကလည်းကျဆုံးရှိကြောင်း နယ်မြေခံ PDF တပ်ဖွဲ့တွေက ပြောဆိုနေတာတွေ့ရပြီး နစကဘက်ကတော့ သတင်းထုတ်ပြန်မှုမရှိသေးပါဘူး။

လက်ရှိမှာ နွားထိုးကြီး – မြင်းခြံ – တောင်သာလမ်းကိုယာယီပိတ်ထားကြောင်း PDF တွေဘက်က အသိပေးထားပါတယ်။

Photo:CJ

#Voiceofmyanmar #vom #နွားထိုးကြီး #တိုက်ပွဲငြိမ် #နှစ်ဖက်အကျဆုံးရှိ

Related posts

Leave a Comment

VOM News

FREE
VIEW