ပြင်ပရွှေဈေး ကျပ် ၇၇ သိန်းကျော်နဲ့ ဒေါ်လာဈေး ကျပ် ၇၀၀၀ ကျော်ထိ မြင့်တက်လာ

 

ဩဂုတ် ၁၃ – ၂၀၂၄
SS (VOM)

ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၇၇ သိန်းကျော်အထိ ရောက်ရှိနေပြီး အမေရိကန် တဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ စံချိန်ချိုး ထပ်မံမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

ပြည်တွင်း အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ကစလို့ ကျပ် သိန်းခုနစ်ဆယ်ကျော်ကို ရောက်ရှိလာတာဖြစ်ပြီး ခြောက်ရက်အတွင်း ကျပ် ခုနစ်သိန်း ထပ်မံ မြင့်တက်လာကာ ဒီကနေ့ ဩဂုတ် ၁၃ ရက်မှာတော့ ကျပ် ခုနစ်ဆယ့်ခုနစ်သိန်း ငါးသောင်းဝန်းကျင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

“အခုကတော့ ဈေးတွေက တရှိန်ထိုးတက်နေတဲ့ ကာလပေါ့။ ရောင်းတာဝယ်တာ သတိရှိကြဖို့ပဲ ပြောချင်ပါတယ်။ ဈေးတွေ ထပ်တက်ဦးမလား၊ ပြန်ကျနိုင်လားဆိုတော့ ဈေးကတော့ အကျမမြင်သေးဘူးလို့ပဲ ပြောရမှာပဲ။ ကျွန်တော်အရင်ကလည်း ပြောခဲ့ပါတယ်။ အဖမ်းအဆီး‌တွေကြောင့် ဈေးကျရင် ခဏပဲ၊ ခဏငြိမ်သွားတာပဲရှိမယ်၊ ပြန်တက်ရင် အရှိန်အဟုန်နဲ့ အတားအဆီးမဲ့ ဖြစ်လိမ့်မယ်ဆိုတာ အခု လက်တွေ့ပါပဲ” လို့ ရွှေလုပ်ငန်းရှင်တယောက် ပြောပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးလည်း မြင့်တက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့က တအောင်စ ၂၃၉၆ ဒေါ်လာ ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ ဩဂုတ် ၁၃ ရက်မှာတော့ တအောင်စ ၂၄၆၄ ဒေါ်လာကို ရောက်ရှိနေပါတယ်။

အမေရိကန်ဒေါ်လာဈေးကတော့ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့က တဒေါ်လာ ၅၇၅၀ ကျပ်ဝန်းကျင် ရှိခဲ့တာဖြစ်ပြီး ခြောက်ရက်အတွင်း ၁၄၅၀ ကျပ် ထပ်မံ မြင့်တက်လာကာ ဒီကနေ့မှာတော့ တဒေါ်လာ ၇၂၀၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

“ဒေါ်လာဈေးကလည်း တက်ရင်း တက်ရင်းနဲ့ကို ၇၀၀၀ ကျော်လာပြီ။ ပြန်ကျဖို့လည်း မရှိနိုင်သေးဘူး။ ဘာလို့လဲဆို ဒေါ်လာလိုအပ်ချက် များနေလို့။ သွင်းကုန်သမားတွေကိုလည်း ဒေါ်လာရောင်းမပေးနိုင်တော့ဘူး ကြားတယ်။ တခြား ငွေလဲဈေးတွေလည်း အကုန်တက်တာပဲ။ ရှေ့ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ လက်ရှိ အခြေအနေကတော့ အဆိုးဘက်ကို သွား‌နေတယ်လို့ပဲမြင်တယ်” လို့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတယောက်က ပြောပါတယ်။

လက်ရှိမှာ တခြားသော နိုင်ငံခြား ငွေလဲဈေးနှုန်းတွေလည်း အသီးသီး မြင့်တက်နေတာဖြစ်ပြီး ထိုင်းဘတ် ၁၆၉ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၉၂၀ ကျပ်ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၄၉၀၀ ကျပ်ဝန်းကျင်၊ အိန္ဒိယရူပီး ၇၉ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Photo:CJ

#voiceofmyanmar #VOM #အခေါက်ရွှေဈေး #၇၇သိန်းကျော် #ဒေါ်လာ၇၀၀၀ကျော် #စံချိန်ချိုး #ထပ်မံမြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW