ကျိန္တလီမှာ လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံး ဒဏ်ရာရသူတွေရှိ

 

ဩဂုတ် ၁၇ – ၂၀၂၄
SS (VOM)

ရခိုင်ပြည်နယ် (တောင်ပိုင်း) အစွန်ဆုံး ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲအတွင်း မနေ့ ဩဂုတ် ၁၆ ရက်၊ နေ့လယ်ပိုင်းက လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် လူသေဆုံး ဒဏ်ရာရမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ နေ့လယ် ၁ နာရီဝန်းကျင်က ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန် ဘာသာရေးကျောင်းပေါ်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေး တယောက်၊ ၁၅ နှစ်အရွယ် ယောက်ျားလေး တယောက်၊ အမျိုးသမီး ခြောက်ယောက်နဲ့ အမျိုးသား သုံးယောက်တို့ သေဆုံးခဲ့ကာ ၁၁ ယောက်ဝန်းကျင် ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

“ထိခိုက် သေဆုံးသူတွေထဲမှာ ဓမ္မဆရာတွေအပြင် ဘုရားကျောင်းမှာ စစ်ဘေးလာရှောင်နေတဲ့သူတွေလည်း ပါတယ်။ အဲဒီနေ့ တရက်တည်းမှာပဲ ကျိန္တလီဆေးရုံပေါ်လည်း လက်နက်ကြီးကျတာရှိတယ်။ လူထိတာတော့ မရှိဘူး။ ဆေးရုံကတော့ တော်တော်ပျက်စီးသွားတယ်။ မြို့ကိုတော့ သြဂုတ် ၁၄ ရက်နေ့ကတည်းက အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတာ။ မြို့ပေါ်မှာတော့ တိုက်ပွဲတွေ မရှိတော့ဘူး” လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်မှစတင်ကာ AA က ကျိန္တလီ မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့တာဖြစ်ပြီး ဩဂုတ် ၁၄ ရက်မှာတော့ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ နစက တပ်သားတွေဟာ ဂွမြို့အနီး ကုလားပြင် (ရတနာမြိုင်) တံတားထိပ်ကို တပ်ဆုတ်ခွာသွားကြပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိန္တလီဒေသခံတွေဟာ တိုက်ပွဲမဖြစ်ခင်ကတည်းက ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး နစက တပ်စွဲထားတဲ့ ကုလားပြင် (ရတနာမြိုင်)၊ ကိုင်းခုံ၊ ဂန့်ဂေါ်တောင် စတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဂွမြို့ဟာ ရခိုင်ပြည်ရဲ့ အစွန်ဆုံးမြို့တမြို့ဖြစ်ပြီး သံတွဲမြို့ကို ထိန်းချုပ်ပြီးနောက် ဂွမြို့နယ်ထဲက နစကတပ်ရင်း၊ တပ်စခန်းတွေကို AA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ AA က ဂွမြို့နယ်ထဲက ကျိန္တလီမြို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လတ်တလော စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ AA ဘက်ကရော နစကဘက်ကပါ ထုတ်ပြန် ပြောဆိုထားမျိုး မရှိသေးပါဘူး။

အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်အတွင်းရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲ စတဲ့ ၁၀ မြို့နယ်အပါအဝင် တောင်ကုတ်မြို့နယ်ထဲက မအီမြို့ကိုလည်း သိမ်းပိုက်ထားနိုင်သလို ချင်းပြည်၊ ပလက်ဝဒေသကိုလည်း ထိန်းချုပ်ထားကာ လတ်တလောမှာတော့ မောင်တောနဲ့ ဂွမြို့နယ်တို့ကို ဆက်လက် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

#voiceofmyanmar #VOM #ရခိုင်ပြည် #ဂွမြို့နယ် #ကျိန္တလီ #လက်နက်ကြီး #ကလေးငယ် #အရပ်သား၁၁ယောက် #သေဆုံး #၁၁ယောက် #ပြင်းထန်ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW