သတိပြုရမယ့် မျောက်ကျောက် ရောဂါအကြောင်း တစေ့တစောင်း

သြဂုတ်၊ ၂၁ ၊၂၀၂၄
SN (VOM)
အာဖရိကမှာ ကူးစက်မြန် မျောက်ကျောက်ရောဂါ (Monkeypox) နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာလိုက်တရပ်ကို အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း မျောက်ကျောက်ရောဂါ ကူးစက်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့မှာ နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတာပါ။
မျောက်ကျောက်ရောဂါ မျိုးကွဲသစ် ကူးစက်ပျံ့နှံ့နေတာကြောင့် အခုလို အရေးပေါ်အခြေအနေ ကြေညာတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အာဖရိက က ဒီအာရ်ကွန်ဂိုနိုင်ငံမှာ အခု ၂၀၂၄ ခုနှစ်၊ နှစ်စကတည်းက လူပေါင်း တသောင်းသုံးထောင့် ခုနစ်ရာကျော် မျောက်ကျောက်ရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူ ၄၅၀ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အာဖရိက အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ အဓိက ဖြစ်ပွားနေတဲ့ ရောဂါကူးစက်မှုတွေဟာ ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် လူသေဆုံးမှု မြင့်တက်လာမှာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ အာဖရိကထက် ကျော်လွန်ပြီး ရောဂါကူးစက်လာနိုင်ခြေတွေဟာ အလွန်စိုးရိမ်စရာဖြစ်နေတာပါ။ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ပြီး အသက်တွေကို ကယ်တင်ဖို့ ပူးပေါင်းညှိနှိုင်းတဲ့ နိုင်ငံတကာ တုံ့ပြန်မှု မဖြစ်မနေ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။
လက်ရှိမှာ အာရှဒေသ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု ပထမဆုံးတွေ့ရှိလာရပြီ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတွေက ဩဂုတ် ၁၉ ရက်မှာ ပြောပါတယ်။ ရောဂါနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေသိရဖို့ စစ်ဆေးမှုရလဒ်တွေကို စောင့်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာနောက်ပိုင်း အဲဒီ နိုင်ငံတွင်းမှာ မျောက်ကြောက်ရောဂါ ပထမဆုံး ကူးစက်မှုလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလို အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ Mpox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုတွေ ရှိလာနေတာကြောင့် နစကရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၉ ရက်နေ့မှာ အသိပေး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်မှာ မြန်မာနိုင်ငံအတွင်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေဖို့ ပြည်တွင်းလေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ပေါက်တွေမှာ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ဖော်ပြပါရှိပါတယ်။
ဒါအပြင် မျောက်ကျောက်ရောဂါ ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် ရောဂါ သံသယလက္ခဏာ ခံစားနေရသူတွေနဲ့ အနီးကပ်ထိတွေ့တာမျိုး ရှောင်ကြဉ်ရမယ်လို့လည်း ဆိုပါတယ်။ အနီးကပ် ထိတွေ့ရရင်လည်း လက်အိတ်နဲ့ နှာခေါင်းစည်းဝတ်ဆင်တာ၊ လက်ဆေးတာ စတဲ့ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို လုပ်ဆောင်သင့်တယ်လို့လည်း အသိပေးထားပါတယ်။
ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကို အသိပညာပေးမှုတွေပြုလုပ်နေတဲ့ အထွေထွေရောဂါကု ဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာကျော်မင်းထွန်းကတော့ မျောက်ကျောက်ရောဂါဟာ လူသေဆုံးနိုင်တဲ့အထိ ဖြစ်နေတာကြောင့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိမှာ မျောက်ကျောက်ရောဂါဟာ မျိုးရိုးဗီဇ ပြောင်းသွားတဲ့ လက္ခဏာမျိုးနဲ့ ပြင်းထန်တဲ့အဆင့် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“မျိုးရိုးဗီဇ ပြောင်းသွားတဲ့ ပုံစံမျိုးဆိုတော့ ဒီရောဂါက အာဖရိက၊ ကွန်ဂိုနိုင်ငံကနေ ဒေသတွင်း တော်တော်များများ ပျံ့နှံ့ပြီးတော့ ဥရောပ တချို့နိုင်ငံတွေဘက်ကို ရောက်တယ်လို့တော့ သိရတယ်။ အဲဒီမှာ ကူးစက်ခံရသူ တသောင်းလေးထောင် နီးပါးမှာ လူဦးရေ ၅၀၀ နီးပါးက သေဆုံးတဲ့အထိကို တွေ့လာရတယ်။ အယောက် ၁၀၀ မှာ လေးယောက်နှုန်းက သေဆုံးတဲ့အထိကို တွေ့ရတယ်ဆိုတော့ နည်းနည်းလေး သတိထားဖို့တော့ လိုအပ်တယ်” ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
မျောက်ကျောက်ရောဂါဟာ ၁၉၈၀ ခုနှစ်မတိုင်ခင်က နိုင်ငံတကာမှာ အဖြစ်များခဲ့တဲ့ ရောဂါဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၈၀ နောက်ပိုင်းမှာတော့ မျောက်ကျောက်ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း ကမ္ဘာက အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း ၂၀၂၂ ခုနှစ်မှာ ပထမဆုံးအကြိမ် ရောဂါပြန်ဖြစ်ခဲ့ပေမယ့် ကိုးလ၊ ဆယ်လလောက်မှာတော့ ရောဂါကို ပြန်ထိန်းလိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခု ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအစမှာတော့ ဒုတိယအကြိမ် ထပ်ဖြစ်လာတာဖြစ်ပြီး အခုဖြစ်တဲ့ပုံစံဟာ ၂၀၂၂ နဲ့မတူဘဲ မျိုးရိုးဗီဇပြောင်း ပြင်းထန်တဲ့အဆင့်ကို တွေ့ရတယ်လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
“မျောက်ကျောက်ရောဂါက ဗိုင်းရပ်စ်ဆိုတော့ ဖြစ်ရင် အချိန်ကာလအနေနဲ့ သုံးပတ်လောက် ကြာမြင့်တတ်တယ်။ အဲဒီကာလမှာ နည်းနည်းလေး ဂရုစိုက်ဖို့လိုအပ်တာပေါ့။ မြန်မြန်ကုသဖို့ လိုအပ်တယ်။ ပြင်းထန်တဲ့အဆင့်ကတော့ ဗိုင်းရပ်စ်မျိုးကွဲ Clade 1ဖြစ်တဲ့အတွက် သေစေနိုင်တဲ့အထိတော့ နည်းနည်းရှိနိုင်တယ်။ ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို ပိုပြီး အားပေးတာပေါ့။ နှလုံးကြွက်သားတွေ၊ အဆုတ်တွေ၊ ကျောက်ကပ်တွေ၊ အသည်းတွေ၊ အထူးသဖြင့် ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှု ဖြစ်စေတဲ့အတွက် ရောဂါပြင်းထန်လာတာနဲ့အမျှ ဗိုင်းရပ်စ်ကပိုပြီး ပြင်းထန်လာရင် အသက်အန္တရာယ် ပိုရှိနိုင်တယ်။ အဲဒါကြောင့် ရောဂါဖြစ်ဖြစ်ချင်း မြန်မြန်ကုသဖို့ လိုအပ်တယ်။ တခြားသူတွေနဲ့ သီးခြား ခွဲနေဖို့ လိုအပ်တယ်။ မကုသဘူးဆိုရင်တော့ အသက်သေဆုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
မျောက်ကျောက်ရောဂါဟာ တိရစ္ဆာန်ကနေတဆင့် လူကို ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်ပြီး အဓိကအားဖြင့် မျောက်ကနေ ကူးစက်တတ်တယ်လို့ သိရပါတယ်။ တိရစ္ဆာန်တွေမှာဖြစ်နေတဲ့ အနာတွေကို ထိတွေ့မိရာကနေတဆင့် ကူးစက်နိုင်ပြီး အဲဒီကနေမှ လူသားအချင်းချင်း ပြန်လည် ကူးစက်တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့အခါ ပထမဆုံးဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေကတော့ ရုတ်တရက် အပူချိန်တက်လာခြင်း၊ ချမ်းတုန်ပြီး အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက် ကိုက်ခဲနာကျင်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ မျက်စိနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အရေပြားပေါ်မှာ အင်ပြင်ပုံစံ အဖုအပိမ့် အနီကွက်ထခြင်း၊ ရောင်ကိုင်းပြီး နာကျင်တဲ့ အရည်ကြည်ဖုတွေ ထွက်ခြင်းတို့ဖြစ်တယ်လို့ သိရပါတယ်။ ဖျားနာပြီးနောက် တရက်မှ သုံးရက်အတွင်း အရေပြားပေါ်က အဖုအပိမ့် အနီကွက်တွေဟာ နာကျင်တဲ့ အရည်ကြည်ဖုတွေအဖြစ် ပြောင်းလဲသွားတတ်တယ်လို့ သိရပါတယ်။
“အဖုအပိန့်တွေက အရည်ကြည်ဖုပုံစံ အလုံးကြီးတွေပေါ့။ ခန္ဓာကိုယ်အနှံ့ ဖြစ်လာမယ်။ တချို့ကျတော့ လက်တွေ၊ လက်ချောင်းတွေမှာ ဖြစ်တယ်။ အရည်ကြည်ဖု အလုံးကြီးတွေအပြင် အနာလို၊ အနာဖေးလို ပုံစံဖြစ်မယ်။ ကူးစက်နိုင်တာကတော့ အနီးကပ် စကားပြောရာကနေ အသက်ရှူလမ်းကြောင်းပိုင်း ဆိုင်ရာကနေ ကူးနိုင်ခြေရှိတယ်” လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
မျောက်ကျောက်ရောဂါဟာ အဓိကအားဖြင့် ကလေးငယ်သူငယ်တွေမှာ အဖြစ်များတတ်တယ်လို့ သိရပါတယ်။ ဒါအပြင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုယ်ခံစွမ်းအားနည်းတဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေမှာလည်း အဖြစ်များတတ်တဲ့အတွက် ဂရုစိုက်သင့်တယ်လို့ ဆိုပါတယ်။
“ရောဂါဖြစ်ပြီဆိုတာနဲ့ အဲဒီလူကို တကိုယ်ရေ အသုံးဆောင်ပစ္စည်းတွေနဲ့ သီးခြားခွဲထားဖို့ လိုအပ်တယ်။ အသက်ရှူလမ်းကြောင်းပိုင်း ဆိုင်ရာကနေ စကားပြောရင်း ကူးစက်တတ်တဲ့အတွက် အထူးသဖြင့် နှာခေါင်းစည်းလေး တပ်ထားသင့်တယ်။ ဒီရောဂါက တခြားသူကို ကူးစက်မှုကအရမ်းမြန်တဲ့အတွက် ရောဂါဖြစ်ပွားတဲ့သူနဲ့ တတ်နိုင်သမျှ ဝေးဝေးနေဖို့လည်း လိုအပ်တယ်။ တိရစ္ဆာန်တွေကို ကိုင်မယ်ဆိုရင်လည်း အကာအကွယ်လေးနဲ့ ကိုင်သင့်တယ်။ အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေမှာ အနာဖြစ်တယ်ဆိုရင် နီးစပ်ရာ တိရစ္တာန်ဆေးခန်းတွေကိုသွားပြီး ချက်ချင်းကုသမှုပေးဖို့ လိုအပ်တယ်။ ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ ရောဂါ ဖြစ်တဲ့သူရော မဖြစ်တဲ့သူရော အားလုံးအနေနဲ့ တကိုယ်‌ရေသန့်ရှင်းဖို့ လိုအပ်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ မျောက်ကျောက်ရောဂါ အတွက် ကာကွယ်ဆေး ရှိပေမယ့် အလုံးရေ လုံလုံလောက်လောက် မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု မရှိသေးပေမယ့် ဂရုတစိုက်နဲ့ စောင့်ကြည့်သင့်တဲ့ အခြေအနေဖြစ်တယ်လို့ ဒေါက်တာကျော်မင်းထွန်းက အကြံပြုပါတယ်။
ဒီ မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်၊ အိပ်ရာခင်းတွေကို အသုံးပြုမိရုံနဲ့ ကူးစက်နိုင်သလို လိင်ဆက်ဆံခြင်းကနေတဆင့်လည်း ကူးစက်တတ်တယ်လို့ သိရပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေကို နမ်းရှုံ့တာ၊ ရောဂါပိုးရှိတဲ့ တိရစ္ဆာန် အကုတ်ခံရတာ၊ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့အသားကို စားမိရင်လည်း ရောဂါကူးစက်နိုင်တယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ လက်ရှိအချိန်မှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာတာတွေကို ရှောင်ကြဉ်ဖို့ ပြောဆိုထားပါတယ်။ ဒါအပြင် ရောဂါပိုးရှိတဲ့ နိုင်ငံကတွေကနေ ပြန်လာသူတွေနဲ့ ၂၁ ရက်အတွင်း ထိတွေ့မိတာရှိရင် နီးစပ်ရာ ကျန်းမာရေးဌာနတွေကို သတင်းပို့ပြီး ကုသမှုခံယူဖို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားမှု ရှိလာခဲ့ရင်တော့ သီးခြားထားရှိ ကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ စံကိုက်ကုထုံးတွေ သတ်မှတ်ခြင်း၊ ရောဂါပိုးထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးနဲ့ ဆေးပစ္စည်းတွေကိုလည်း စုဆောင်းထားရှိပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၂၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာ ၁၂၉ ခုကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ မရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက ပညာရှင်တွေကတော့ မျောက်ကျောက်ရောဂါဟာ ထိုင်းနိုင်ငံကို အန္တရာယ်ပေးနိုင်တဲ့ အနေအထားမှာရှိတယ်လို့ သတိပေးတဲ့အကြောင်း ဘန်ကောက်ပို့စ်က သြဂုတ် ၁၉ ရက်မှာ ဖော်ပြထားပါတယ်။
Mpox (မျောက်ကျောက်) ရောဂါဟာ လူတဦးကနေ တဦးကို ကူးစက်ကြောင်းကို ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ ၁၉၇၀ ပြည့်နှစ်မှာ စတင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဗဟိုအာဖရိကနဲ့ အနောက်အာဖရိကမှာ ပုံမှန် ကူးစက်ရောဂါအဖြစ် ရှိခဲ့ရာက ၂၀၂၂ ခုနှစ်မှာ တခြားနိုင်ငံတချို့ကိုပါ ကူးစက်ခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားလာခဲ့တယ်လို့ သိရပါတယ်။
ဒါ‌ကြောင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှာ နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် သတ်မှတ်ကြေညာပြီး တုံ့ပြန်ဆောင်ရွက်ခဲ့တာမှာ ဖြစ်ပွားမှုနှုန်း သိသာစွာ ကျဆင်းလာတဲ့အတွက် ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်မှာ PHEIC အခြေအနေမှ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အခု ၂၀၂၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ (DRC) နဲ့ အာဖရိကတိုက်ရှိ နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု တကျော့ပြန် အရှိန်မြင့်တက်လာခဲ့ပြန်ပါတယ်။
လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါ (Clade 1) ဖြစ်ပွားတာ မရှိသေးသလို ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ (Clade 2) လည်း မြန်မာနိုင်ငံကို ရောက်ရှိ ဖြစ်ပွားခဲ့ခြင်းမျိုး မရှိခဲ့ဘူးလို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ အဲဒီလိုပဲ ဒီရောဂါ စတင် တွေ့ရှိခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်ကစလို့ မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက် ဖြစ်ပွားခဲ့တဲ့အစဉ်အလာ မရှိသေးဘူးလို့ သိရပါတယ်။
ဒါကြောင့် နောက်ပိုင်းကာလတွေမှာလည်း မြန်မာနိုင်ငံမှာ ဒီရောဂါ ဖြစ်ပွားမှု မရှိဖို့ မျှော်မှန်းထားတဲ့အတွက် ပြည်သူလူထုအနေနဲ့ အခုရက်ပိုင်းအတွင်း မျောက်ကျောက်ရောဂါနဲ့ ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို အထူးဂရုပြု နေထိုင်ကြဖို့ လိုအပ်တယ်လို့ ဒေါက်တာကျော်မင်းထွန်းက အကြံပြု ပြောကြားထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW