ထိုင်းနိုင်ငံ တောအုပ်ထဲကို လေယာဉ်တစင်းပျက်ကျလို့ လိုက်ပါသူအားလုံး သေဆုံး

ဘန်ကောက်၊ ဩဂုတ်-၂၃-၂၀၂၄
မျီုးဆက်(VOM)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရှေ့တောင်ပိုင်းမှာ တာဘိုပရော့လေယာဉ်တစင်း တောအုပ်ထဲကို ပျက်ကျသွားပြီးနောက် လိုက်ပါသွားသူအားလုံး သေဆုံးသွားဖွယ်ရှိတယ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့ ဩဂုတ် ၂၃ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
ဒီလေယာဉ်ဟာ ပြီးခဲ့တဲ့နေ့က ချာကီယာဆောင်ပြည်နယ်ရှိ တောအုပ်ထဲကို ပျက်ကျခဲ့တာဖြစ်ပြီး လိုက်ပါသူ ကိုးယောက်စလုံးသေဆုံးနိုင်ပြီး ရှာဖွေရေးတွေကိုတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လေယာဉ်မှူးနှစ်ယောက်နဲ့ ခရီးသည်ခုနှစ်ယောက်လိုက်ပါလာတဲ့ အဲဒီလေယာဉ်ဟာ ဘန်ကောက်ရှိ သု၀ဏ္ဏဘူမိလေဆိပ်ကနေ ကမ်းခြေတွေကြောင့် လူသိများတဲ့ ထိုင်းပင်လယ်ကွေ့ရှိ တီရက်ပြည်နယ်ကို ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။
“မနေ့က ညနေ ၃ နာရီ ၁၀ မိနစ်မှာ လေယာဉ်ပျက်ကျတာပါ ။ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ဆက်လက်ကြိုးစားနေပေမယ့် သူတို့အားလုံး သေဆုံးသွားလောက်ပြီ ”လို့ ချာကီယာဆောင်ပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လေယာဉ်ပေါ်မှာ အသက် ၁၂ နဲ့ ၁၃ နှစ်ကြား ကလေးငယ်နှစ်ယောက်အပါအဝင် ထိုင်းလေးယောက်နဲ့တရုတ်ငါးယောက်ပါဝင်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
လေယာဉ်အစိတ်အပိုင်းတချို့ကို တွေ့ရှိထားပေမယ့် စစ်တပ်နဲ့တခြားအဖွဲ့တွေက လူ ၃၀၀ ဖြန့်ကြက်ပြီး ရှာဖွေမှုတွေဆက်လက်လုပ်ဆောင်နေကာ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW