ဩဂုတ် ၂၇ – ၂၀၂၄
SS (VOM)
လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့ထဲမှာ စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်း သယ်ယူခွင့်ကို နစက က သြဂုတ်လ ၂၅ ရက်နေ့က စလို့ တင်းကြပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေကို မန္တလေး – မတ္တရာ ကားလမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေမှာ နစက က စစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“လမ်းမှာတော့ အနည်းဆုံး လေး၊ ငါးဂိတ်ကနေ ခုနစ်ဂိတ်လောက်ရှိတယ်။ အစစ်အဆေးတွေက အရမ်းများတယ်။ သွားရလာရလည်း တအားကို ကြပ်လာတယ်။နယ်အလိုက် ထောက်ခံစာယူပြီးမှ သွားလာရတယ်။ ထောက်ခံစာထဲမှာ ဘယ်ပစ္စည်းတွေ ဝယ်ပါမယ်ဆိုတာ တခါတည်း ရေးရတယ်။ စာရင်းထဲမှာ ပစ္စည်း နှစ်မျိုးပဲဝယ်ဖို့ ရေးထားတယ်ဆို တခြားဟာတွေသယ်လာလို့ မရဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
မန္တလေးတိုင်းအပြင် စစ်ကိုင်းတိုင်းအတွင်းမှာလည်း ခရီးသွားလာသူတွေကို အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးရေး တင်းကြပ်တာမျိုးနဲ့ လောင်စာဆီ သယ်ယူခွင့် ကန့်သတ် ပိတ်ပင်ထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေးမြို့အထွက် ရွှေကျင်တိုးဂိတ်မှာလည်း စားသောက်ကုန်နဲ့ တခြားကုန်စည်ပစ္စည်းတွေ အပါအဝင် ဆေးဝါးနဲ့ကျန်းမာရေး စောင့်ရှောက်တဲ့ ပစ္စည်းမှန်သမျှကို သယ်ယူခွင့်မပေးတာကြောင့် မတ္တရာ၊ စဉ့်ကူး၊ ဝက်လက်၊ ရွှေဘိုနဲ့ ခင်ဦး စတဲ့မြို့နယ်တွေက ကျေးလက်ဒေသတွေအားလုံးမှာလည်း ကုန်စည် ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မတ္တရာမြို့ဘက်တွေမှာ ကျန်းမာရေးအတွက် သာမန်ဖျားနာပျောက်ဆေးဖြစ်တဲ့ ပါရာစီတမောကိုသာ အားထားနေရပြီး အန်နာဗွန်ဆီ၊ ဆီးချိုဆေးနဲ့ တခြားထိုးဆေးတွေပါ သယ်မရတဲ့အထိဖြစ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက လက်နက်ကိုင်တပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေအတွင်း ပြေးဆွဲနေတဲ့ ကားတွေကိုလည်း နစက က နယ်မြေစာရင်းနဲ့ ကားဂိတ်တွေမှာ မကြာခဏ လာရောက်စစ်ဆေးတာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...