မိုးကြောင့် ဆွာဆည် ရေလျှံနေပြီး တောင်ငူမြို့နယ်အတွင်း ရေဘေးအရေးပေါ်ကြုံ

ဩဂုတ် ၂၈ – ၂၀၂၄
SN (VOM)
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ သုံးပတ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆွာဆည် ရေလျှံလာပြီး ရေဘေးအရေးပေါ် ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
တောင်ငူမြို့နယ်အတွင်းက (၈) ရပ်ကွက်၊ (၉) ရပ်ကွက်နဲ့ အလယ်ကျွန်း ရပ်ကွက်တွေမှာ မနေ့ ဩဂုတ် ၂၇ ရက်၊ မနက် ၉ နာရီဝန်းကျင်မှစတင်ကာ ရေဝင်ရောက်လာတာဖြစ်ပြီး အိမ်ထောင်စု ခန့်မှန်းခြေ ၂၅၀၀ ဝန်းကျင်လောက် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။
“မိုးကတော့ သုံးပတ်ဆက်တိုက်ကို နေ့ရော၊ ညရောကို သည်းသည်းမည်းမည်း ရွာတာ။ ရေသွန်ချသလိုပဲ ရွာတာ။ ရေမြုပ်တဲ့နေရာတွေက အနိမ့်ပိုင်းလည်းကျတယ်၊ အိမ်ကလည်း နိမ့်တယ်ဆိုရင်တော့ ခေါင်အထိမြုပ်တဲ့ အိမ်တွေရှိတယ်” လို့ (၉) ရပ်ကွက်မှ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ရေမြင့်တက်မှုဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်က ဖြစ်ပွားခဲ့တဲ့ ဆည်ကျိုးပေါက်တာထက်ကို ၁ ပေလောက် ပိုမြင့်နေပြီး အရင်က စိုးရိမ်ရေမှတ်အထက် ၂ ပေလောက် ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၃ ပေလောက် မြင့်တက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“(၉) ရပ်ကွက်မှာဆိုရင်တော့ အိမ်ထောင်စု ၉၀၀ ကျော်ကို ၆၀၀ လောက်က မြေနိမ့်ပိုင်းကျတယ်။ လမ်းမပေါ် အိမ်ခြေ ၃၀၀ ပတ်ဝန်းကျင်လောက်ကတော့ ရေလွတ်တယ်။ ကျန်တဲ့နေရာတွေကတော့ အကုန် ရေမြုပ်တာပဲ။ (၈) ရပ်ကွက် အောက်ခြမ်းလမ်းလည်း မြုပ်တယ်။ အလယ်ကျွန်းကျတော့ အကုန်လုံးနီးပါး မြုပ်တာပဲ။ လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းကတခါ အခုလို ရေတက်ဖူးသေးတယ်။ အဲဒီတုန်းကတော့ ဆည်ကျိုးပြီး ရေတက်တာ။ အခုကတော့ ဆည်မကျိုးဘဲနဲ့ကို ရေတက်တာ” လို့ ကူညီပေးနေသူတယောက်က ပြောပါတယ်။
ရေမြင့်တက်မှုဟာ အချိန် ၂၄ နာရီဝန်းကျင်အတွင်း ၅ ပေလောက်နီးနီး မြင့်တက်လာတာဖြစ်ပြီး လက်ရှိမှာ အရေးပေါ်ကယ်ဆယ်ရေးတွေ ပြုလုပ်နေရဆဲဖြစ်ကာ ရေဘေးသင့် လူဦးရေစာရင်း အတိအကျကိုတော့ စာရင်းကောက်ယူနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ရေဘေးသင့် လူဦးရေ စာရင်းကတော့ လောလောဆယ်တော့ စာရင်းကောက်ဖို့ ခက်နေသေးတယ်။ ပြီးတော့ ကယ်ဆယ်ရေးစခန်းလည်း မဖွင့်ရသေးဘူး။ ကယ်ဆယ်ရေးစခန်းလည်း မဖွင့်ရသေးတာက ခေတ်ကာလအခြေအနေအရ လူစုလူဝေး မဖြစ်စေချင်တာလည်း ပါတာပေါ့။ လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူတွေက နီးစပ်ရာ၊ ခင်ရာမင်ရာအိမ်တွေမှာပဲ လောလောဆယ် ခိုကပ်နေကြရတယ်” လို့ သူက ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ဩဂုတ် ၁၈ ရက် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့် ကျော်လွန် ရောက်ရှိနေပြီး နောက်တရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မဒေါက်မြို့မှာလည်း စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁ ပေကျော် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၂ လက်မခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW