Dawei Watch သတင်းထောက်နှစ်ယောက်ကို တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်



ဩဂုတ် ၂၈ – ၂၀၂၄
SN (VOM)

Dawei Watch မီဒီယာရဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းသမားနှစ်ယောက်ဖြစ်တဲ့ ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ကို နစက က တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ Dawei Watch သတင်းဌာနက မနေ့ ဩဂုတ် ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သူတို့နှစ်ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရား စွဲဆိုပြီး ၂ဝ၂၄ ခုနှစ် (ခန့်မှန်း) ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် နှစ် ၂ဝ ၊ ၂ဝ၂၄ ခုနှစ် (ခန့်မှန်း) မေလ ၁၅ ရက်မှာ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ် တသက်တကျွန်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်ကလည်း ရခိုင်ပြည်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အလုပ်နဲ့ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခဲ့ပါတယ်။

ဒါအပြင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ ရက်ကလည်း ရခိုင်ပြည်နယ် ၊ စစ်တွေမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းဌာနက ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက် ကို ရန်ကုန်၊ အင်းစိန်ထောင် အထူးတရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် သတင်းမီဒီယာသမား ခုနစ်ယောက် သေဆုံးခဲ့ပြီး ၆၂ ယောက် ဖမ်းဆီး ထောင်ချခံထားရတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဩဂုတ် ၂၁ ရက်နေ့ကလည်း မွန်ပြည်နယ်မှ DVB သတင်းဌာန သတင်းထောက် (Citizen Journalist-CJ) ကိုဝင်းထွဋ်ဦးနဲ့ အလွတ်တန်းသတင်းထောက် ကိုထက်မြက်သူတို့ နေအိမ်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တယ်လို့ RSF က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ခေါနုသုမ် သတင်းဌာနကို ထူထောင်ခဲ့သူ Pu Tuidim၊ Federal News ဂျာနယ်ရဲ့ အယ်ဒီတာ စိုင်းဝင်းအောင်တို့လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင်အလွတ်တမ်း သတင်းထောက်တွေဖြစ်တဲ့ ကိုအေးကော်၊ ကိုစိုးနိုင်တို့နဲ့ Western News သတင်းဌာနမှ သတင်းထောက် ကိုမြတ်သူထွန်း (ဖိုးသီဟ) တို့လည်း အကျဉ်းချ ခံထားရချိန်အတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က ခုနောက်ဆုံး RSF အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၁၇၁ အဆင့်ရောက်နေပါတယ်။ အရင်တနှစ်က ၁၇၃ ကနေ ၁၇၁ ကို နှစ်ဆင့်တက်လာပေမယ့် မြန်မာနိုင်ငံက အခြေအနေတွေက တိုးတက်လာတာမဟုတ်ဘူး။ ကမ္ဘာမှာ ပိုမိုဆိုးရွားတဲ့ နိုင်ငံတွေ၊ အခြေအနေတွေကြောင့် နှစ်ဆင့်ပြောင်းသွားတာသာ ဖြစ်တယ်လို့ ယူဆပါတယ်” လို့ သတင်းစာဆရာကြီးက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ မြန်မာနိုင်ငံမှာ ပြည်တွင်းသတင်းမီဒီယာ လွတ်လပ်ခွင့် တစထက်တစ ကျဆင်းလာခဲ့တာဖြစ်ပြီး ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်လို့ ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့က ကျရောက်ခဲ့တဲ့ “ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့” မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ထားပါတယ်။

“သတင်းသမားတွေကို ၂၀၂၃ ခုနှစ်နဲ့ အခု ၂၀၂၄ ထဲမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုတင် စီရင်ချက်ချလာတာ အများစု ဖြစ်လာတယ်။ ထောင်ဒဏ် နှစ် ၂၀ ကျတာ ၂၀၂၃ ခုနှစ်နောက်ပိုင်း အများစု ဖြစ်လာနေတာတွေ့ရတယ်။ သတင်းသမား ဖုန်းထဲ PDF အဖွဲ့တွေရဲ့ ဖုန်းနံပါတ်တွေ့ရုံနဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မတပ်ပြီး ပြစ်ဒဏ်ချတာမျိုး ဖြစ်လာနေတာတွေ့ရတယ်။ အခု မြိတ်က သတင်းထောက် နှစ်ယောက်လည်း အလားတူ စွပ်စွဲ ပြစ်ဒဏ်ချခံရတာအပြင် မြိတ်မှာ တရားရုံးမတင်ဘဲ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ ရုံးတင်ပြီး စစ်ခုံရုံးနဲ့ အမြင့်ဆုံး အပြစ်ဒဏ်ချတာမျိုး တွေ့ရတာကြောင့် သတင်းမီဒီယာတွေကို အမြင့်ဆုံး ပြစ်ဒဏ်ပေးပြီး မလုပ်ရဲအောင် ရည်ရွယ်တာလို့ ကောက်ချက်ချလို့ ရပါတယ်” လို့ သတင်းစာဆရာတယောက်က ဆိုပါတယ်။

နစက ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံမှာ သတင်းရေးလို့ အဖမ်းခံရတဲ့ သတင်းထောက်ဆိုတာ မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောကြားတာ ရှိခဲ့ဖူးပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW