မီတာခတွေ တိုးကောက်ဦးမယ်လို့ ကြေညာ ၊ အိမ်သုံးမီတာ နှစ်ဆနီးပါးနဲ့ လုပ်ငန်းသုံးက သုံးဆနီးပါး စျေးတက်သွား

ဩဂုတ် ၃၀ – ၂၀၂၄
GG (VOM)
လျှပ်စစ်မီတာခနူန်းထားတွေကိုလာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး တိုးမြှင့် ကောက်ခံသွားမှာဖြစ်တယ်လို့ ဒီနေ့ဩဂုတ်လ၃၀ ရက်မှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက အသိပေးလာပါတယ်။
မီတာခတွေ တိုးကောက်ဦးမယ်လို့ ကြေညာ ၊ အိမ်သုံးမီတာ နှစ်ဆနီးပါးနဲ့ လုပ်ငန်းသုံးက သုံးဆနီးပါး စျေးတက်သွား
တိုးမြှင့်ကောက်ခံမယ့် မီတာခနူန်းထားမှာ လက်ရှိကောက်ခံနေတဲ့မီတာခနူန်းထားနဲ့ယှဥ်ရင် အိမ်သုံးအမျိုးအစားက နှစ်ဆနီးပါးတက်သွားပြီး အိမ်သုံးမဟုတ်တဲ့လုပ်ငန်းသုံးအမျိုးအစားက သုံးဆနီးပါးမြင့်တက်သွားတာကိုတွေ့ရပါတယ်။
အိမ်သုံးအမျိုးအစားအတွက် ဓာတ်အားခ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက်ကို ၃၀၀ ကျပ် တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
လုပ်ငန်းသုံးအမျိုးအစားအတွက်ကို ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနစ်နဲ့အထက် ၅၀၀ ကျပ် တိုးမြှင့်ကောက်ခံမှာဖြစ်ပါတယ်။
ခုလိုမီတာခတိုးမြင့်ကောက်ခံမယ့် ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုအကြားဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
” မီးကျပုံမှန်မလာဘဲ မီတာခတော့တိုးကောက်တယ်။တိုးကောက်တာလည်း နူန်းတွေကခုန်တက်သွားတယ်။မီတာခတက်မယ်ဆိုပြီးလက်မှတ်ထိုးခိုင်းတာကတော့နှစ်ခါရှိပြီ။ခုမှသူတို့ကြေငြာတာပေါ့။မီတာခတိုးကောက်ရင် မီးပုံမှန်လာမှာလားလို့ မေးတော့ မသိဘူးတဲ့လေ။မီတာခတက်ရင်ကျန်တာတွေပါအကုန်လိုက်တက်တော့မှာပေါ့။နောက်ဆုံးပြည်သူပဲဒုက္ခရောက်မှာ ။စစ်ဘေးနဲ့ကုန်စျေးနူန်းတက်တာနဲ့ဒုက္ခရောက်နေချိန်ခုမီတာခကပါတက်အုံးမယ်။” လို့ ပြည်သူတယောက်ကပြောပါတယ်။
လျှပ်စစ်မီတာခနူန်းထားမြင့်တက်ပါက လျှပ်စစ်မီးအသုံးပြုလည်ပတ်ရတဲ့ လုပ်ငန်းတွေကုန်ကျစရိတ်လည်းမြင့်တက်သွားတာကြောင့် ထုတ်ကုန်ပစ္စည်းစျေးနူန်းတွေလည်း ပိုပြီးမြင့်တက်လာမယ့်အခြေအနေရှိပါတယ်။
” တခြားမပြောသေးဘူး ။ကျွန်တော်တို့ဆီစက်တွေ မီးနဲ့လည်ပတ်ရတယ်။ အခုမီတာခက်တက်ရင်ကုန်ကျစရိတ်ကတက်လာမယ်။အဲဒီအခါမြေပဲဆံစျေးကျရင်တောင်ကျွန်တော်တို့ပဲဆီစျေးက မကျနိုင်ဘူးဖြစ်သွားတာပေါ့။ ကျွန်တော်တို့ကတော့ကုန်ကျစရိတ်မြင့်ရင် တက်ရောင်းရမှာပဲလေ။ဘယ်ကုန်သည် ဘယ်လုပ်ငန်းရှင်မှအရှုံးခံမရောင်းဘူး။အဲဒီတော့ စားသုံးသူပဲနောက်ဆုံးအကုန်ခံရမှာ။” လို့ ဆီစက်ပိုင်တယောက်ကပြောပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကတော့ ခုလိုမီတာခတိုးမြှင့်ကောက်ခံတာဟာ လျှပ်စစ်ဓာတ်အားသုံးစွဲသူတွေကို တည်ငြိမ်တဲ့လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရာမှာ ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ တနိုင်ငံလုံး အတိုင်းအတာတဲ့ လျှပ်စစ်မီး ၂၄ နာရီရရှိတာက နေပြည်တော်ကောင်စီနယ်မြေတခုသာရှိပြီး ကျန်တဲ့တိုင်းနဲ့ပြည်နယ်အလိုက်က မြို့နယ်တွေမှာတော့ အချိန်အကန့်အသတ်နဲ့သာ လျှပ်စစ်မီးရရှိနေပါတယ်။
လက်ရှိကောက်ခံနေတဲ့မီတာခနူန်းထားက ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူစနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက်မှ ၁၂၅ ကျပ်သာရှိခဲ့ပါတယ်။
လုပ်ငန်းသုံးအမျိုးအစား မီတာခနူန်းထားက ၁ ယူနစ် မှ ၅၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊ ၅၀၁ ယူနစ်မှ ၅၀၀၀ ယူနစ်ကို ၁၃၅ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ်ကို ၁၄၅ ကျပ်၊ ၁၀၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်ကို ၁၅၅ ကျပ်၊၂၀၀၀၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်ကို ၁၆၅ ကျပ်၊ ၅၀၀၀၁ ယူနစ်မှ ၁၀၀၀၀၀ ယူနစ်ကို ၁၇၅ ကျပ်၊ ၁၀၀၀၀၁ ယူနစ်နဲ့အထက် တစ်ယူနစ်မှ ၁၈၀ ကျပ် သာ အများဆုံးကောက်ခံခဲ့တာဖြစ်ပါတယ်။
မြန်မာနဲ့အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့လက်ရှိ လျှပ်စစ်မီတာခနူန်းထားမှာ ၁ ယူနစ်ကို ၄ ဘတ်ကောက်ခံနေတာကြောင့် လက်ရှိမြန်မာငွေစျေးနဲ့တွက်ပါက ၁ ယူနစ်ကို ၆၄၀ ကျပ် ဝန်းကျင်ရှိပါတယ်။
ထိုင်းမှာတော့ လျှပ်စစ်မီးကိုအချိန်အကန့်အသတ်နဲ့ပေးတာမရှိသလို နေ့စဥ်မီးဖြတ်တာမျိုးလည်းမရှိဘဲ ၂၄ နာရီလျှပ်စစ်မီးရရှိနေတာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW