လားရှိုး စစ်ရှောင်အိမ်တွေမှာ အုပ်စုဖွဲ့ဝင်ရောက်နေထိုင်သူတွေကို ထိရောက်စွာ အရေးမယူနိုင်သေး

ဩဂုတ် ၊ ၃၀ ၊ ၂၀၂၄
Shy V (VOM)
လားရှိုးမှာ MNDAA တပ်ဖွဲ့က လုံခြုံရေး တိုးမြှင့် ဆောင်ရွက်နေပေမယ့် လက်ရှိအထိ အုပ်စုဖွဲ့ ခိုးယူမှုရှိနေဆဲ ဖြစ်ပြီး စစ်ရှောင်ရဲ့ နေအိမ် တွေမှာ ဝင် ရောက်နေထိုင်သူတွေရှိနေပြီး ထိရောက်စွာ အရေးမယူနိုင်သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အရင်ရက်ပိုင်း လားရှိုး ရပ်ကွက်တခုမှာ အိမ်ရှင်က အိမ်ပြန်လာကြည့်ချိန် သူခိုးအုပ်စု တွေ ခိုးနေကြတော့ မခိုးဖို့ ပြောတာ။ သူခိုးအုပ်စုက ပြောင်းပြန် အိမ်ရှင်ကို သူခိုး ဆိုပြီး ကိုးကန့်ရဲကို သွားတိုင်တာ။ အဲဒါနဲ့ အိမ်ရှင်က အဖမ်းခံရတာ လို့ကြားတယ်”လို့ ဒေသခံ တယောက်ကပြောပါတယ်။
အိမ်ရှင်က ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံပေးလို့ အဲဒီ အိမ်ရှင် ပြန်လွတ်လာပေမယ့် အိမ်က ပစ္စည်းတွေကို သူခိုး အုပ်စု တွေက အကုန်ခိုးသွားပြီ လို့ သူက ပြောပါတယ်။
သူခိုး လိုက်ဖမ်းမယ် ဆိုရင်လည်း ရပ်ကွက်က အုပ်ချုပ်ရေးမှုးတွေ ပါသင့်တယ်၊ ကိုးကန့်ရဲတွေက အိမ်ရှင်တွေကို သိတာ မဟုတ်ဘူး လို့ ဆိုပါတယ်။
ဒါအပြင် နေအိမ်တွေကို သော့ဖျက် ခံထားခံရတာကြောင့် စစ်ရှောင်ပြီး ပြန်မလာတဲ့ နေ အိမ်တွေမှာ မိသားစုလိုက် ဘယ်သူ့ ခွင့်ပြုချက်မှ မရပဲ ဝင်ရောက်နေတာရှိတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“ကျွန်တော်တို့ ဆိုင်နားက တိုက်ကြီးမှာ သော့ဖျက်ထား ခံရတယ် ဆိုတော့ တခြားရပ်ကွက် ဘက်က ဗမာမိသားစုတွေ ဝင်နေ နေတာ။ အိမ်ရှင်ပြန်လာလည်း ဖယ်မပေးဘူး။ ပြောလည်း မရတော့ ကိုးကန့် တွေကို ပြန်ခေါ်ပြီး မောင်းထုတ်ရတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အုပ်စုဖွဲ့ပြီး လိုက်ခိုးနေတဲ့ သူခိုးတွေက မရှိလို့ ခိုးယူနေတာ မဟုတ်ပဲ ဈေးကွက် တခုလို စီးပွားဖြစ် ခိုးနေကြပြီး ခိုးယူပစ္စည်းတွေလည်း ပြန်လည် ရောင်းချ၊ ဖောက်သည် ချနေတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
သူခိုးတွေ့ရင် အကြောင်းကြားကြဖို့နဲ့ သူခိုးတွေကို အရေးယူမမှာ ဖြစ်ကြောင်း၊ အတတ်နိုင်ဆုံး ကင်းထားဖို့ MNDAA အစည်းဝေးတွေမှာ ပြောတာရှိပေမယ့် ညအချိန် သူတို့မရှိချိန် အုပ်စုလိုက်လာခဲ့ရင် ဘာမှ မတတ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“လမ်းမကြီးပေါ်နဲ့ လူသွားလာများတဲ့ နေရာတွေမှာ လုံခြုံရေးတွေရှိပေမယ့် ရပ်ကွက်တွေထဲ လူသူမရှိတာကြောင့် ခိုးဖောက်သူတွေက အခွင့်အရေး ယူပြီး သူခိုးတွေက အိမ်ရှင်လိုလိုဘာလိုလိုနဲ့ ခိုးနေတော့ သူခိုးလား အိမ်ရှင်လား တောင်ခွဲရခက်တယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
MNDAA ဘက်က မြို့ထဲ လုံခြုံရေး ယူဖို့အတွက် လူအင်အားနည်းတာကို တွေ့ရပြီး အုပ်ချုပ်ရေးကလည်း ဘာမှန်းကို မသိရသေးဘူး လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက MNDAA ခေါ်တဲ့ လူထု အစည်းအဝေးမှာ မြို့တွင်းလုံခြုံရေး မြှင့်တင်ဆောင်ရွက် နေကာ မူးယစ်ဆေးဝါး၊ သိမ်းဆည်းထားတဲ့ တရားမဝင် လက်နက်တွေ၊ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို နှိမ်နင်းခဲ့နိုင်ခဲ့ပေမယ့် စစ်ပွဲ အပြီးလားရှိုးမြို့ရဲ့ အခြေအနေမှာ ရှုပ်ထွေးနေသေးလို့ လူမရှိတဲ့ ရပ်ကွက်ထဲ တချို့နေရာတွေမှာ အခွင့်ကောင်းယူကာ ခိုးယူနေသူတွေကို မဖယ်ရှားနိုင်သေးကြောင်း MNDAA ရဲ့ ဒုရဲမှူး Zi Xuejin က ပြောထားကြောင်း MNDAA ဘက်က သတင်းထုတ်ထားပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW