ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါ ဖြစ်ပွားမှု ပိုမိုဆိုးရွားလာနေပြီး ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်ထိ ရှိလာ

ဩဂုတ် ၃၁ – ၂၀၂၄
SN (VOM)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ အရေပြားရောဂါ ဖြစ်ပွားမှု ပိုမိုဆိုးရွားလာနေပြီး ရောဂါဖြစ်ပွားသူ အရေအတွက် ၃၀၀ ကျော်အထိ ရှိလာနေပြီလို့ လင်းရောင်ခြည် ဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲဒီ အရေပြားရောဂါဟာ ပြီးခဲ့တဲ့ နွေရာသီကာလ ကုန်ဆုံးခါနီးကစလို့ တဦးစ၊ နှစ်ဦး ဖြစ်ပွားနေတာဖြစ်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီးတဲ့နောက် မိုးဦးကာလ အစပိုင်းမှာတော့ ခန္ဓာကိုယ်အနှံ့မှာ အဖုတွေပေါက်တာ၊ အရေပြားယားယံတာမျိုးနဲ့ အရေးပြားကွာကျတာမျိုးတွေ စဖြစ်လာတယ်လို့ သိရပါတယ်။
“အခု အကုန်လုံးကလည်း ဆက်သွယ်ရေး လမ်းကြောင်းတွေလည်း ပိတ်ထားတယ်ဆိုတော့ ရှိတဲ့ဆေးဝါးလေးတွေနဲ့ပဲ ကုသပေးနေရတာပေါ့။ ဆရာခိုလိမ်းလည်း ခဏပဲ သက်သာတယ်။ တချို့ဆေးတွေကျတော့လည်း အကျိုးအာနိသင်က ထိရောက်မှု မရှိဘူး။ ကုသမှုတွေက နီးစပ်ရာ ကျန်းမာရေးမှူး၊ သူနာပြုတွေကလည်း ကုသပေးနေကြတာ။ ဆေးဝါးတွေ မလုံလောက်တော့ အခက်အခဲတွေ ရှိနေတယ်” လို့ လင်းရောင်ခြည် ဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိမှာ လူကြီးရော၊ ကလေးပါမကျန် အရေပြားရောဂါ ဖြစ်ပွားနေတာ ဖြစ်ပေမယ့် ကလေးငယ်လေးတွေမှာ ပိုပြီး အဖြစ်များနေကာ ပုဏ္ဏားကျွန်း (မြောက်ပိုင်း) မှာ ဖြစ်ပွားမှုနှုန်း ပိုများတယ်လို့ သူက ပြောပါတယ်။
မိုးကြီးရေလျှံမှုကြောင့် ကုလားတန်မြစ်ရေ မြင့်တက်လာပြီး မသန့်ရှင်းတဲ့ ဆားငန်ရေတွေကို စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေ သောက်သုံးတာ၊ မိုးတွင်းပိုင်း မသန့်ရှင်းတဲ့နေရာတွေမှာ နေထိုင်ရတာတွေ၊ စစ်ရှောင်စခန်းတွေမှာ လူဦးရေ ကြပ်တည်းတာတွေကြောင့် အခုလို အရေပြားရောဂါ ဖြစ်ပွားမှုနှုန်း ပိုမို များပြားလာတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်း မရရှိတာကြောင့် အခက်အခဲဖြစ်နေပြီး ဆေးဝါးအပြင် စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
“ကုန်သွယ်ရေး လမ်းကြောင်းတွေလည်း ပိတ်ထားတော့ အစစအရာရာ အဆင်မပြေဘူး။ ဆေးဝါးရရှိမှု အရမ်းခက်ခဲတယ်။ ဆေးဆိုင်တွေမှာလည်း ဆေးမရှိဘူး။ စစ်ဘေးရှောင်တွေနဲ့ ရောဂါခံစားနေရတဲ့သူတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေး အခြေအနေက တနေ့တခြား ပိုပိုပြီး ဆိုးရွားလာနေတယ်။ စားနပ်ရိက္ခာ ပြတ်လပ်လို့ လောက်ငှငှကျွေးနိုင်မယ့် အလှူငွေလေးတော့ အဖက်ဖက်က အကုန်လုံး ဝိုင်းဝန်းပြီး ကူညီပေးစေချင်ပါတယ်” လို့ လင်းရောင်ခြည် ဖောင်ဒေးရှင်းအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ရခိုင်ဒေသအတွင်းမှာ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခံထားရတာကြောင့် ကုန်စည်၊ အခြေခံစားသောက်ကုန်၊ ဆေးဝါး ပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာရင်ဆိုင်နေရပြီး စစ်ဘေးရှောင်တွေကတော့ အဲဒီဒဏ်ကို ပိုပြီး ခံစားကြရတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW