လှိုင်သာယာမှာ ဝမ်းပျက်ဝမ်းလျှောကြောင့် လူသေဆုံးမှုများလာ



စက်တင်ဘာ ၂ – ၂၀၂၄
SN (VOM)

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးမှုတွေ များလာပြီး တအိမ်တည်းမှာတင် သေဆုံးသူ သုံးယောက်အထိ ရှိလာတယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတွေဆီက သိရပါတယ်။

ဝမ်းပျက်ဝမ်းလျှောကြောင့် သေဆုံးမှုနှုန်းဟာ အခုရက်ပိုင်းအတွင်းမှာတင်ပဲ မြင့်တက်လာတာဖြစ်ပြီး အရှေ့ဗဒံ၊ ပင်လုံဈေး၊ ရိုးကြီး၊ ရိုးလေးဘက်တွေမှာ အဖြစ်များနေကာ သေဆုံးသူ အယောက်၂၀ ကျော်လောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

“တချို့မြို့နယ်တွေက ဝမ်းပျက်ဝမ်းလျှောနဲ့ ပတ်သတ်ပြီး လိုက်ကြေညာတယ်။ အခုထိတော့ ကျွန်တော်တို့ဘက်မှာတော့ ဘာမှ မကြေညာသေးဘူး။ အခုရက်ပိုင်းလေးတွေပဲ သေတာ အယောက် ၂၀ လောက်ကျော်သွားတာ။ တော်တော်မြန်တယ်။ နာရေးဆိုလို့ ကြည့်လိုက်ရင် ဝမ်းပျက်ဝမ်းလျှောကြောင့်ပဲ။ ပင်လုံစျေး၊ ရိုးကြီး၊ ရိုးလေးဘက်မှာ ပိုများတယ်။ တအိမ်တည်း သုံးယောက် တပြိုင်တည်း ဆုံးသွားတာကလည်း ကျွန်တော်တို့အိမ်နဲ့ မလှမ်းမကမ်းလေးတင်ပဲ” လို့ ရိုးကြီးရပ်ကွက်အတွင်း နေထိုင်သူတယောက်က ပြောပါတယ်။

ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတဲ့ တချို့မြို့နယ်တွေမှာ အသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်ကစလို့ ချက်ပြုတ်ပြင်ဆင်ရောင်းချတဲ့ လမ်းဘေးဈေးရောင်းချသူအားလုံးကို ရောင်းချခြင်းမပြုဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက အသံချဲ့စက်နဲ့ လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အတွင်းမှာ ဇွန်လလယ်ပိုင်းမှစတင်ပြီး သာမန်ဆေးခန်းတခုမှာ နေ့စဉ် လာရောက်ပြသတဲ့ လူနာအယောက် ၅၀ မှာ ဝမ်းပျက်ဝမ်းလျှောကြောင့် လာပြတဲ့လူနာဟာ အယောက် ၂၀ ကျော်လောက်အထိ ရှိလာတယ်လို့ သိရပါတယ်။

“ဝမ်းလျှောတာဆိုပြီးပဲ တချို့ကပေါ့တယ်။ ဘာမှမဖြစ်သလိုဘဲ နေကြတာ။ အိမ်မှာရှိတဲ့ စပ်ဆေးတွေသောက်တယ်။ ဆေးခန်းလည်း မသွားဘူး။ အဲဒီကနေတဆင့် အိမ်ကလူတွေ တယောက်ပြီး တယောက်ကူးတယ်။ အဲဒီကနေမှ တဖြည်းဖြည်း ဟိုအရင် စဖြစ်ချိန်ကထက် ဖြစ်ပွားမှုနှုန်း များများလာတာ” လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကု ဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

မိုးတွင်းကာလမို့ မိုးကြီးတာ၊ ရေကြီးရေလျှံတာ စတာတွေကြောင့် ယင်ကောင်တွေ၊ ကြွက်တွေ အရမ်းများလာပြီး သူတို့ရဲ့ အဓိက အညစ်အကြေးတွေက အစားအသောက်တွေမှာ ညှိတွယ်ပြီး ကျန်းမာရေးထိခိုက်လာတာမို့ အပြင်အစားအစာတွေကို အတတ်နိုင်ဆုံး ရှောင်ပေးတာ ပိုကောင်းမယ်လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

“ဆေးရုံ၊ ဆေးခန်း ရောက်လာတဲ့အချိန်မှာကျတော့ လူနာက pressure ကျနေပြီ။ ရုတ်တရက်ကြီး pressure ကျပြီးတော့မှ ရောက်လာတာဆိုတော့ အဲဒီအချိန်မှာ pressure ကျတင်ဖို့ မမီတော့တဲ့အခြေအနေတွေ ဖြစ်လာတယ်။ ပြီးတော့ ဝမ်းသွားတာ အကြိမ်ရေများပြီးတော့ ရေဓာတ်ဆုံးရှုံးပြီး ကျောက်ကပ် ရုတ်တရက်ကြီး ပျက်စီးတယ်။ အဲဒီလိုနဲ့ သေဆုံးတာပေါ့နော်။ အဓိက ကတော့ ရေဓာတ် ဆုံးရှုံးတာများပြီးတော့ အချိန်မမီတဲ့ပြဿနာပေါ့” လို့ သူက ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုရင် ဘာမှမဖြစ်သလို ပေါ့ပေါ့ဆဆ နေကြတာ၊ ပြင်းထန်လာပြီဆိုမှသာ ဆေးရုံ၊ ဆေးခန်းပြကြတာတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာပြီး လူသေဆုံးမှုတွေ ရှိလာနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“တချို့ကျတော့ ချက်ချင်းတော့လာပါတယ်။ ဒါပေမယ့် ရေဓာတ်ဆုံးရှုံးတာ အရမ်းများသွားပြီးတော့ အချိန်မမီတာတွေလည်း ရှိတယ်။ တချို့ကျတော့ ဝမ်းသွားတာ နှစ်ရက်၊ သုံးရက်လောက် ရှိနေပြီးမှ ဆေးရုံ၊ ဆေးခန်း လာတော့မှ pressure တင်ဖို့ မမီတဲ့အပိုင်းတွေရှိတယ်။ တချို့ကျတော့ ရောဂါအခံတွေရှိတဲ့ အသက်ကြီးပိုင်းတွေ၊ တချို့လူတွေရှိတယ်။ အဲဒီလူတွေကျတော့လည်း ခံနိုင်ရည်မရှိတာကြောင့် သေဆုံးတဲ့သူတွေရှိတယ်” လို့ သူက ပြောပါတယ်။

အဲ့လိုမျိုး ကူးစက်တတ်တဲ့ရောဂါတခုကြောင့် လူနှစ်ယောက်နဲ့အထက် တနေရာတည်းနေလို့ ရောဂါပိုး ကူးစက်ခံရပြီဆိုရင် အကြမ်းအားဖြင့် ကပ်ရောဂါတခုလို့ သတ်မှတ်နိုင်တယ်လို့လည်း ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါကြောင့် သာမန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်စေ၊ ကူးစက်မြန်တဲ့ ကာလဝမ်းရောဂါဖြစ်စေ ပြည်သူတွေအနေနဲ့ သတိထားပြီး ရေကို ကြိုချက်သောက်သုံးဖို့၊ လမ်းဘေးအစားအစာတွေ မစားဖို့၊ အစားအစာသန့်ရှင်းမှုကို အလေးထားကြဖို့နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလာပြီဆိုပါက မပေါ့ဆဘဲ ဆေးရုံ၊ ဆေးခန်းမှာ သွားရောက်ပြသ ကုသကြဖို့ ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်း ပြောဆိုထားပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW