လက်ဘနွန်ကို အစ္စရေးရဲ့တိုက်ခိုက်မှု လူ ၅၀၀ နီးပါးသေဆုံးပြီး လူသိန်းချီ ဘေးလွတ်ရာ ထွက်ပြေး

ဘေရွတ်၊ စက်တင်ဘာ-၂၄-၂၀၂၄
မျိုးဆက်(VOM)
လက်ဘနွန် တောင်ပိုင်းရှိ ဟဇ်ဘိုလာပစ်မှတ် ဒါဇင်များစွာကို အစ္စရေးက လေကြောင်းကနေ ညလုံးပေါက်တိုက်ခိုက်မှုကြောင့် လူ ၅၀၀ နီးပါးသေဆုံးပြီး ထောင်နဲ့ချီဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိချိန်ထိ လူ ၄၉၂ ယောက်သေပြီး ၁၆၄၅ ယောက်ဒဏ်ရာရရှိခဲ့ပြီး အစ္စရေး-ဟဇ်ဘိုလာ ပဋိပက္ခမှာ အဆိုးဝါးဆုံး အသေအပျောက်များတဲ့နေ့ဖြစ်ကာ လူသိန်းချီပြီး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
အစ္စရေးမြောက်ပိုင်း ၃၇ မိုင်အကွာရှိ ဖောက်ခွဲရေးပစ္စည်းစက်ရုံအပါအဝင် အစ္စရေးစစ်ဘက်ပစ်မှတ် အများပြားကို တိုက်ခိုက်ခဲ့ပြီး မက်ဂီဒိုလေယာဉ်ကွင်းကိုလည်း သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဟဇ်ဘိုလာတို့က ဆိုပါတယ်။ ဟဇ်ဘိုလာတို့ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးဟာ ဟဇ်ဘိုလာပစ်မှတ် ၁၃၀၀ ကျော်ကို တိုက်ခိုက်ခဲ့သလို ဟဇ်ဘိုလာတို့ကလည်း အစ္စရေးကို ဒုံးကျည် အစင်း ၂၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။
ဟဇ်ဘိုလာတွေအပေါ် တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာကြောင့် ဟဇ်ဘိုလာအဖွဲ့ အသုံးပြုတဲ့နေရာတွေကို ရှောင်ရှားကြဖို့ လက်ဘနွန်တောင်ပိုင်းက ဒေသခံတွေကို အစ္စရေးက သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဟဇ်ဘိုလာတို့ အသုံးပြုတဲ့ ဆက်သွယ်ရေးစက်တွေ ဆက်တိုက်ပွဲကွဲမှုကြောင့် လူ ၃၀ ကျော်သေဆုံးပြီး ၃၀၀၀ နီးပါးဒဏ်ရာရခဲ့ပြီးနောက် အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား အပြန်အလှန်တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဒီနေ့တိုက်ခိုက်မှုအပြီးမှာတော့ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသကို တပ်ဖွဲ့ဝင်အနည်းငယ် ထပ်မံဖြည့်တင်းလိုက်ပြီး အမေရိကန်အနေနဲ့ တင်းမာမှုတွေ လျှော့ချနိုင်ရေး လုပ်ဆောင်နေတယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ပြောဆိုထားပါတယ်။
Ref:BBC
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW