လုံခြုံရေး စိုးရိမ်ပူပန်မှုတွေကြောင့် တရုတ်နဲ့ ရုရှားနိုင်ငံထုတ်ကားတွေကို တားမြစ်ပိတ်ပင်ဖို့ အမေရိကန်စီစဉ်



ဝါရှင်တန်၊ စက်တင်ဘာ-၂၄-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်အစိုးရဟာ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် ရုရှားနဲ့ တရုတ်ထုတ်ကားတွေကို တားမြစ်ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံလုပ်ကားတွေကို ပိတ်ပင်ဖို့ အစီအစဉ်ဟာ အမေရိကန်ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှ ကာကွယ်ဖို့ အစီအစဉ်တွေဖြစ်ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာရိုင်မွန်ဒိုက ဆိုပါတယ်။

ဒီထဲမှာ လျှပ်စစ်ကား၊ အိမ်စီးကား၊ ထရပ်ကားနဲ့ ဘတ်စ်ကားတွေလည်း ပါဝင်ပြီး အလိုအလျောက်မောင်းနှင်မှုနဲ့ တော်တော်ကားတွေကို အခြားကွန်ရက်တွေနဲ့ ချိတ်ဆက်တဲ့နည်းပညာတွေဟာ အမေရိကန်လမ်းတွေပေါ်ရှိကားတွေကို ရန်သူတွေက အဝေးမှခြယ်လှယ်ထိန်းချုပ်လာနိုင်တယ်လို့ သူကပြောပါတယ်။

အမေရိကန်ရှိ ကားတွေမှာတော့ လက်ရှိချိန်ထိ တရုတ် သို့မဟုတ် ရုရှားဆော့ဖ်ဝဲကို အသုံးပြုမှုအနည်းငယ်သာရှိသေးပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကလည်း လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် တရုတ်အခြေစိုက် ဟွာဝေးကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို အသုံးပြုတာတွေ တားမြစ်ခဲ့ပါတယ်။

မျက်မှောက်ခေတ်ကားတွေမှာ ကင်မရာ၊ မိုက်ခရိုဖုန်း၊ ဂျီပီအက်စ်နှင့် အခြားသောအင်တာနက်ချိတ်ဆက် နည်းပညာများရှိနေပြီး ပြည်ပရန်သူတွေက အချက်အလက်များကြည့်ရှုနိုင်မယ့် အန္တရာယ်ရှိနေတာကြောင့် တားမြစ်ပိတ်ပင်မယ့်အစီအစဉ်ဟာ အမေရိကန်အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် လိုအပ်တယ်လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်ရဲ့ အစီအစဉ်ကို တရုတ်တာဝန်ရှိသူတွေက ဝေဖန်ပြောဆိုခဲ့ပြီး အမေရိကန်ဟာ တရုတ်ကုမ္ပဏီတွေအပေါ် မတရားပစ်မှတ်ထားဖို့ အမျိုးသားလုံခြုံရေးအယူအဆကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ဝေဖန်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW