တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်



စက်တင်ဘာ ၂၉ – ၂၀၂၄
SS (VOM)

ဒီတပတ်မှာတော့ ပြင်ပဈေးကွက်မှာ ရွှေဈေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးတွေလည်း ကျဆင်းလာပါတယ်။

စက်သုံးဆီ ဈေးနှုန်းတွေကတော့ ပြန်လည် ကျဆင်းလာခြင်းမရှိသေးဘဲ ဒီတပတ်မှာလည်း အတက်ဘက်ကိုသာ ဆက်သွားနေတာပါ။ အဲဒီလိုပဲ အခြေခံစားသောက်ကုန် ဈေးကွက်မှာလည်း ကုန်စည်ဈေးနှုန်းတွေ ကျဆင်းလာခြင်း မရှိသေးပါဘူး။

#ပြည်တွင်းရွှေဈေးနှုန်း

ပြီးခဲ့တဲ့တပတ်က ပြင်ပဈေးကွက်ရဲ့ အခေါက်ရွှေ ဈေးနှုန်းတွေဟာ ကျပ် သိန်း ၇၀ နီးပါးမှာပဲ အတက်၊ အကျ အနည်းငယ်စီနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ကျပ် ၆၃ သိန်းဝန်းကျင်အထိကို ပြန်လည် ကျဆင်းလာတာပါ။

ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစပြီး ရွှေဈေးတွေ စံချိန်တင် မြင့်တက်ခဲ့ရာကနေ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းခဲ့ပြီးနောက် ဈေးနှုန်းတွေ အကျဘက်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လနှောင်းပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ရွှေတကျပ်သား ကျပ်သိန်း ၆၀ ဝန်းကျင်အထိ ဈေးနှုန်းကိုတော့ ပြန်မရောက်သေးပါဘူး။

“အခုအချိန်က ဒေါ်လာဈေးကလည်း ကျနေတယ်၊ မနက်ဖြန် (စက်တင်ဘာ ၃၀ ရက်) တနင်္လာနေ့ ဈေးကွက် ပြန်ဖွင့်တဲ့အခါ ကမ္ဘာ့‌ရွှေဈေး ပြန်ကျရင်တော့ ကြိမ်းသေ ထိပ်စီး ပြောင်းနိုင်တယ်။ ကမ္ဘာ့ရွှေဈေး ပြန်တက်ရင်တော့ မြန်မာ့ရွှေဈေးက ဒီဈေးတန်းမှာပဲ တန့်နေနိုင်တယ်။ အခုအချိန် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ကိုဘဲ ဂရုစိုက်စေချင်တယ်။ ဈေးတွေကျနေလို့ တက်ဈေးမိထားတဲ့သူတွေလည်း အချိန်တခုစောင့်စေချင်တယ်။ စိတ်မလောဖို့၊ ဆုံးဖြတ်ချက်မမှားဖို့ လိုပါတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဒီတပတ် ကမ္ဘာ့ရွှေဈေးကွက်မှာတော့ နေ့စဉ် ဈေးမြင့်တက်မှုတွေ ဖြစ်ပေါ်နေခဲ့ပြီး ကမ္ဘာ့ရွှေ တအောင်စ ၂၆၇၃ ဒေါ်လာအထိ အမြင့်ဆုံးတက်ခဲ့ပါတယ်။ အရင်တပတ်က တအောင်စ ၂၆၂၂ ဒေါ်လာနဲ့ ဈေးကွက်ပိတ်ခဲ့တာဖြစ်ပြီး ဒီတပတ်မှာတော့ တအောင်စ ၂၆၅၈ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ကာ ဈေးနှုန်းကွာဟချက် တအောင်စ ၃၆ ဒေါ်လာ ရှိခဲ့ပါတယ်။

#နိုင်ငံခြားငွေလဲဈေးနှုန်း

ငွေလဲဈေးကွက်မှာတော့ အမေရိကန်‌ဒေါ်လာဈေးဟာ စက်တင်ဘာ ၂၇ ရက်ကစပြီး တဒေါ်လာ ကျပ် ၅၀၀၀ အောက်ကို ပြန်လည် ရောက်ရှိလာပါတယ်။ ငွေဈေးတွေဟာ ဈေးတက်စဉ်ကာလက တရှိန်ထိုးတက်ခဲ့ပေမယ့် တဖြည်းဖြည်းချင်း ပြန်ကျနေတာ တလကျော်ကြာနေပါပြီ။

ဒီကနေ့ စက်တင်ဘာ ၂၉ ရက်မှာတော့ တပတ်အတွင်း အနိမ့်ဆုံးဈေးအဖြစ် အမေရိကန် တဒေါ်လာ ကျပ် ၄၇၅၀ ဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။ ပြင်ပပေါက်စျေး Online Transfer အရ တဒေါ်လာ ၄၇၀၀ အထိ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ် အပါအဝင် လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာငွေလဲနှုန်းကတော့ တဒေါ်လာ ၃၅၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ပြုလုပ်လျက်ရှိပါတယ်။ Customer တွေကို ရောင်းပေးတဲ့ ငွေလဲနှုန်းကတော့ တဒေါ်လာကို ၂၁၀၀ ကျပ်မှ အမြင့်ဆုံး ၄၂၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဒေါ်လာစျေး ကျဆင်းလာတာဟာ စက်သုံးဆီနဲ့ စားသုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၄၇ သန်း ထုတ်ရောင်းပေးထားကြောင့်အပြင် FX Trading Online Platform ကနေ အမေရိကန်ဒေါ်လာ ၆၃ သန်းကျော်ကို ၁၂ ကြိမ် ခွဲရောင်းပေးထားတာကြောင့် ကျဆင်းလာတာလို့လည်း ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုကြပါတယ်။

မြန်မာ့ကုန်သွယ်ရေးမှာ အသုံးအများဆုံးဖြစ်တဲ့ တခြား ငွေလဲဈေးနှုန်းတွေဟာလည်း ဒီတပတ်မှာ ပြန်လည် ကျဆင်းနေပြီး တရုတ်ယွမ် ၆၇၀ စွန်းစွန်းနဲ့ ထိုင်းဘတ် ၁၄၅ ကျပ်နီးပါးအထိ အနိမ့်ဆုံးဈေးကို ရောက်ရှိခဲ့ပါတယ်။

#စက်သုံးဆီဈေးနှုန်း

စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ တပတ်ကစလို့ အတက်ဘက်ကို ပြန်လည် ရောက်ရှိနေတာဖြစ်ပြီး ဒီတပတ်မှာလည်း ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်သုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းပေးနေတဲ့ကြားက ဈေးနှုန်းတွေ အတက်ဘက်ကို တရွေ့ရွေ့ ဆက်သွားနေတာပါ။

ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေကို ဩဂုတ်လအတွင်း ကန်ဒေါ်လာ သန်း ၁၀၀၊ စက်တင်ဘာလအတွင်း ကန်ဒေါ်လာ သန်း ၄၀ ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့က တချို့စက်သုံးဆီဆိုင်ကြီးတွေမှာတော့ စက်သုံးဆီ ပြတ်လပ်နေဆဲဖြစ်သလို တန်းစီ ဝယ်ယူနေရတာတွေလည်း ရှိနေမြဲဖြစ်တယ်လို့ သိရပါတယ်။

“ဆီက Max တို့ Danko တို့လို နာမည်ကြီးဆိုင်တွေ တော်တော်များများ တန်းစီနေရတုန်းပဲ။ အရင်ကလိုတော့ အချိန်အကြာကြီး၊ ကားတန်းအရှည်ကြီးတော့ မဟုတ်တော့ဘူးပေါ့။ ဆီကတော့ ဆိုင်တိုင်းလိုလို အစုံမရပါဘူး။ တချို့ဆိုင်တွေဆို ဘာဆီမှ မရတဲ့ဆိုင်လည်း ရှိတယ်။ 92 တမျိုးတည်း ရတဲ့ဆိုင်လည်းရှိတယ်။ နောက်တဆိုင်ဆို 95 ပဲ ရတဲ့ဆိုင်ရှိတယ်။ နေရာတိုင်း ဆီအစုံ မရပါဘူး” လို့ အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။

ဒါအပြင် လက်ရှိအချိန်အထိ တချို့ဆိုင်တွေမှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်း‌ချပေးနေတာတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

“Max ဆီဆိုင်တို့ဘာတို့ဆို ဆီပြတ်ခါနီးဆို တသိန်းဖိုးပဲပေးတယ်။ ကုန်ခါနီးပြီဆို ငါးသောင်းဖိုး၊ အဲဒီကနေမှ သုံးသောင်းဖိုးဆိုပြီး ရောင်းပေးတယ်။ ဆီကုန်သွားရင်တော့ ပိတ်ပစ်လိုက်တယ်။ တချို့ဆိုင်တွေကတော့ အပြည့်ထည့်၊ လိုသလောက် ထည့်လို့ရတယ်။ ကုန်သွားရင်တော့ မပေးတော့ဘူး ပိတ်လိုက်တယ်” လို့ သူက ပြောပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ စက်တင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်တဲ့ တပတ်စာ ရည်ညွှန်းဈေးကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၁၃၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၉၀ ကျပ်၊ ဒီဇယ် တလီတာ ၂၅၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၂၃၀ ကျပ် ဆိုပြီး သတ်မှတ်ထားပါတယ်။

အရင်တပတ် ဈေးနှုန်းထက် ၉၂ နဲ့ ၉၅ က တလီတာကို ၇၅ ကျပ်စီထပ်မံ မြင့်တက်လာတာဖြစ်ပြီး ဒီဇယ်ဈေးကတော့ ၁၀ ကျပ် မြင့်တက်လာတာဖြစ်ကာ ပရီမီယံဒီဇယ်ကတော့ တလီတာကို ၅ ကျပ် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

အခြေခံစားသောက်ကုန် ဈေးနှုန်းတွေကတော့ ရွှေ၊ ငွေဈေးတွေ ဘယ်လိုပဲ ကျဆင်းနေပေမယ့် လက်ရှိအချိန်အထိ တက်ရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။

စားအုန်းဆီဈေးကွက်မှာတော့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ ရည်ညွှန်းဈေးသတ်မှတ်ချက်မှာ စားအုန်းဆီ တပိဿာ ၆၈၅၀ ကျပ်ဖြစ်ပြီး အရင်တပတ်ကထက် ၁၃၀ ကျပ် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။ ပြင်ပဈေးကွက်မှာတော့ စားဆီ တပိဿာကို ကျပ် တသောင်းကနေ တသောင်းနှစ်ထောင်ကျပ်အထိ အစားစား ရှိနေပြီး အရင်တပတ်ကထက် ဈေးပြန်လည် ကျဆင်းနေပါတယ်။

ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်းနဲ့ ရောင်းချပေးတဲ့ ဆီထုတ်ဈေးကတော့ ၇၂၀၀ ကျပ်ဖြစ်တယ်လို့ သိရပြီး အရင်တပတ်ထက် ၁၅၀ ကျပ် ထပ်မံ မြင့်တက်လာပါတယ်။

ဆန်ဈေးကတော့ အမြင့်ဈေးမှာ ဈေးငြိမ်နေပြီး အမျိုးအစားပေါ်မူတည်ကာ ဆန်ကြမ်း တပြည်ကို ၄၈၀၀ ကနေ ၅၃၀၀ ကျပ်အထိ ရှိတယ်လို့သိရပါတယ်။ ဆန်ချောကတော့ တပြည် ကျပ် ၆၀၀၀ ကနေ ၈၀၀၀ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

ကြက်ဥကတော့ အရွယ်အစားအလိုက် တလုံး ၃၀၀ ကနေ ၄၀၀ ကျပ်အထိ ရှိနေပါတယ်။ ဘဲဥဈေးကတော့ ကျပ် ၅၅၀ ကနေ ၆၀၀ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

ကြက်သွန်နီဈေးတွေကတော့ အလုံးအရွယ်အစားအလိုက်၊ အမျိုးအစားအလိုက် တပိဿာ ၂၆၀၀ ကျပ်ကနေ ၂၈၀၀ ကျပ်အထိ ဈေးအမျိုးမျိုးရှိနေပါတယ်။ ကြက်သွန်ဖြူတွေကတော့ အမျိုးအစားအလိုက် တပိဿာ တသောင်းခြောက်ထောင်ကနေ နှစ်‌သောင်းလေးထောင်ကျပ်အထိ ရှိနေပါတယ်။ အာလူးကတော့ တပိဿာ ကျပ် တသောင်းဈေး ရှိနေပါတယ်။

ကုန်စိမ်းဈေးကွက်မှာတော့ တချို့ အသီးအရွက်ဈေးတွေက အမြင့်ဈေးမှာပဲ ဆက်ရှိနေပါတယ်။ တရုတ်ကန်စွန်းရွက် တစည်း ၁၂၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၈၀၀ ကျပ်၊ ကန်စွန်းရိုးနီ တစည်း ၃၀၀ ကျပ်ဈေးတွေ ရှိပါတယ်။

ပန်းဂေါ်ဖီ တပွင့် ၁၅၀၀ – ၂၀၀၀ ကျပ်ဈေးရှိပါတယ်။ ဂေါ်ဖီထုပ်ကတော့ တထုပ် ၁၀၀၀ – ၁၃၀၀ ကျပ်ဈေးတွေနဲ့ ဈေးကျပါတယ်။ နံနံပင်ကတော့ တပိဿာ ကျပ် သုံးသောင်းဈေးမှာပဲ ရှိနေပါတယ်။

အသားငါးဈေးကွက်မှာတော့ တချို့ ငါး၊ ပုစွန်ဈေးတွေက အနည်းငယ် မြင့်တက်လာပါတယ်။ ငါးမြစ်ချင်း တဆယ်သား ၁၅၀၀ ကျပ်ဈေး ဖြစ်လာပြီး ငါးကြင်း တဆယ်သား ၁၈၀၀ – ၂၀၀၀ ကျပ်ဈေးတွေ ဖြစ်လာပါတယ်။ ဘော့ချိတ်ပုစွန် တဆယ်သား ၂၀၀၀ – ၂၅၀၀ ကျပ်ဈေးနဲ့ ဈေးကျပါတယ်။ ပုစွန်တုပ် တဆယ်သား ၅၅၀၀ ကျပ်ဈေးတွေနဲ့ ပုံမှန်အတိုင်းပဲ ဖြစ်ပါတယ်။

လက်လီစျေးကွက်ရဲ့ အသားတိုးကြက်ဈေးကတော့ တဆယ်သား ၁၇၀၀ ကျပ်ဈေး ရှိပါတယ်။ ဝက်သားဈေးကတော့ သုံးထပ်သား တဆယ်သားကို ၂၈၀၀ ကျပ် ရှိပါတယ်။ အမဲသား တဆယ်သား ၂၃၀၀ ကျပ် ရှိနေပြီး ဆိတ်သားဈေးကတော့ အနည်းငယ် ထပ်တက်လာတာမှာ တဆယ်သားကို ၃၂၀၀ ကျပ်ဈေးရှိကာ အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW