ရှမ်းတောင်၊ ပုံးအင်းဒေသမှာ ရေဘေးကြောင့် မျိုးစပါးတွေပျက်စီးကုန်လို့ စိုက်ပျိုးရေးပါထိခိုက်

စက်တင်ဘာ ၂၉၊ ၂၀၂၄
သတင်း-ZY
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆန်စပါးအများဆုံးထွက်ရှိပြီး စပါးကျည်လို့ ခေါ်ဝေါ်ကြတဲ့ ပုံးအင်းဒေသမှာ ရေကြီးရေနစ်မြုပ်မှုကြောင့် မျိုးစပါးတွေပျက်စီးကုန်လို့ လူဦးရေ သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ လက်ရှိအချိန်မှာ အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသအရေးစောင့်ကြည့်လေ့လာသူတွေဆီကနေ သိရပါတယ်။
တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံးစတဲ့မြို့နယ် ၃ခုထဲမှာ ပါဝင်တဲ့ ပုံးအင်းဒေသမှာ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာကြောင့် လာမယ့် စပါးစိုက်ရာသီအတွက် သိမ်းဆည်းထားတဲ့ စပါးမျိုးစေ့ တင်းပေါင်းသိန်းချီ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
“ပုံးအင်းဒေသက စပါးခင်းတွေ ရေအောက်ရောက်ကုန်ပြီ ဖြစ်တာကြောင့် ဆန်ပြန်လှူရတဲ့ အခြေအနေ ဖြစ်သွားပါပြီ။ ရွာအများစုနဲ့ လယ်တွေဟာ ရေနှစ်မြှုပ်ကုန်ပြီး နောင်နှစ်အတွက် စပါးမျိုးတွေပါ မရှိတော့ပါဘူး။ ကူညီလိုကြသူတွေအနေနဲ့ ပြန်လည်ထူထောင်ရေးမှာ ဒီစပါးမျိုးပံ့ပိုးပေးဖို့ စဉ်းစားပေးချင်ပါတယ်။ ၁၀ ရက်နေ့က ရေ စကြီးတာ၊ ၁၆ရက်လောက်ကစပြီး ရေနိမ့်အပိုင်းအိမ်တွေက ခေါင်မိုးထိမြှုပ်ကုန်တယ်။ ဒါကြောင့် နှစ်ထပ်အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို သွားနေနေရတယ်”လို့ ဒေသအရေးစောင့်ကြည့်လေ့လာသူတဦးက ပြောပါတယ်။
ဒီလိုရေလွှမ်းမိုးမှုကြောင့် ကျေးရွာပေါင်း ၆၀ကျော်က စပါးစိုက်ဧကပေါင်း ၇၀၀ ဧကထက်မနည်း ပျက်စီးကုန်လို့ စပါးမထွက်နိုင်တော့တဲ့ အပြင် စပါးမျိုးတွေပါ ပျက်စီးကုန်လို့ လယ်တွေပြန်မစိုက် နိုင်တော့တာ၊ စိုက်ဖို့အရင်းအနှီးမရှိတော့တာတွေ အတွက် လယ်သမားထောင်ချီဒုက္ခ ရောက်နေသလို မိသားစုဝင် သောင်းချီအခက်ကြုံနေကြရတာလို့ သိရပါတယ်။
“တောင်ကြီးမြို့နယ်ထဲမှာပါတဲ့ ရွာတွေက စပါးစိုက်ဧကပေါင်း ၃၂၀လောက် ပျက်စီးသွားတယ်။ ဆီဆိုင်ကတော့ ၁၅၀ဧက၊ ဟိုပုံးမြို့နယ်က ၂၃၀ကျော်လောက် ပျက်စီးသွားတယ်။ စားဖို့က အသာထားအုံး၊ အစိုးရကထုတ်ပေးထားတဲ့ ချေးငွေပြန်ဆပ်နိုင်ဖို့အတွက် စိတ်ပူနေကြရတယ်။ မျိုးစပါးဝယ်ဖို့နဲ့ စိုက်ဖို့ အရင်းအနှီးကလည်း မရှိကြတော့ဘူး”လို့ ဒေသခံလူငယ်ခေါင်းဆောင်တဦးက ပြောပါတယ်။
ပုန်းအင်းဒေသမှာ အသုံးတော်၊ နားဟီး၊ ကက္ကူ (နမ့်တဘက်ချောင်းအနောက်ကမ်း)၊ ပေါင်းစင်း၊ နမ့်ခုတ်၊ ကုန်းကျိုင်း၊ နောင်မွန်၊ ပုံးအင်း၊ ဘန်းယဉ် စတဲ့ အုပ်စု ၉ စု၊ ကျေးရွာပေါင်း ၆၂ ရွာရှိပြီး ရွာတွေအားလုံးဟာ ပြီးခဲ့တဲ့ ဇွန်လက တကြိမ်၊ ဩဂုတ်လက တကြိမ်၊ စက်တင်ဘာထဲမှာ တကြိမ်၊ စုစုပေါင်း ၃ကြိမ်အထိ ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံစားခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-ZY

Related posts

Leave a Comment

VOM News

FREE
VIEW