ကြည့်မြင်တိုင် ရပ်ကွက်ရုံးတွေမှာ ပေါက်ကွဲမှုဖြစ်လို့ ၁၀ ‌ယောက်ကျော် ဒဏ်ရာရ



စက်တင်ဘာ ၃၀ – ၂၀၂၄
SS (VOM)

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ ‌ယောက်ကျော် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

ကြည့်မြင်တိုင်မြို့နယ်က အလတ်ချောင်းနဲ့ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးမှာ Smart Card ပြုလုပ်နေချိန် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“ပေါက်ကွဲမှုက နေ့လယ် ၁၂ နာရီခွဲလောက်မှာ တပြိုင်နက်တည်းဆိုသလို ဖြစ်သွားတာပါ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ ဆန်အိတ်တွေထဲကနေ ထပေါက်တာလို့တော့ ကနဦးသိရတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။ အခုတော့ အဲဒီနေရာတွေ အနီးတဝိုက်ကို နစက လုံခြုံရေးတပ်ဖွဲ့တွေက အသွားအလာတွေ ကန့်သတ်ထားပြီး စစ်ဆေးရေးတွေ လုပ်နေတယ်” လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ရှိနေတဲ့ အမျိုးသား လေးယောက်၊ အမျိုးသမီး သုံးယောက်၊ စုစုပေါင်း ခုနစ်ယောက် ဒဏ်ရာရရှိခဲ့ကြပြီး အဲဒီထဲက အမျိုးသား တယောက်ကတော့ ဒဏ်ရာပြင်းထန်ကာ ကျန်တဲ့ ခြောက်ယောက်ကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုမှာလည်း အမျိုးသား သုံးယောက်၊ အမျိုးသမီး တယောက်၊ စုစုပေါင်း လေးယောက် မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ကြည့်မြင်တိုင်မြို့နယ်မှ ရောင်စဉ်မဲ့ လူမှုကူညီရေးယာဉ်နဲ့ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင် – ၅၀၀) ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW