ဂျပန်က သစ်တောကဏ္ဍ နည်းပညာအလုပ်သင်အတွက် မြန်မာလုပ်သားတွေ ခေါ်ယူမယ်



အောက်တိုဘာ၆ ၊၂၀၂၄
Ms(VOM)

ဂျပန်နိုင်ငံရဲ့ မြန်မာလုပ်သားခေါ်ယူတဲ့အစီစဉ်မှာ သစ်တောကဏ္ဍ နဲ့ဆိုင်တဲ့နည်းပညာအလုပ်သင် လုပ်ငန်းတစ်မျိုးအသစ်ထပ်တိုး ခေါ်ယူ လိုက်ကြောင်း တိုကျိုမြို့ ရှိမြန်မာသံရုံးက နေသိရပါတယ်။

ဂျပန်နိုင်ငံ ဟာ မြန်မာ လုပ်သားတွေကို နည်းပညာအလုပ်သင်သင်တန်းသားအစီအစဉ်နဲ့ ခေါ်ယူနေတဲ့ လုပ်ငန်းအမျိုးအစားတွေအနက် Agriculture and Forestry လုပ်ငန်းနယ်ပယ်က သစ်တောကဏ္ဍလုပ်ငန်းအမျိုးအစားအသစ် တစ်မျိုး ထပ်မံဖြည့်စွက်လိုက်တယ်လို့ Organization for Technical Intern Training (OTIT)က အကြောင်းကြားလာတာဖြစ်တယ် ဆိုပြီး တိုကျိုမြို့ မြန်မာသံရုံမှ အောက်တိုဘာ၄ရက်က စာထုတ်ပြန်အသိပေးဖော်ပြလာတာပါ။

အဲဒီ့Agriculture and Forestry လုပ်ငန်းနယ်ပယ်က အလုပ်အမျိုးအစားဟာ သစ်တောလုပ်ငန်းအတွက် သစ်တော သစ်ပင်စိုက်ပျိုးထုတ်လုပ်ရတဲ့ လုပ်ငန်းဖြစ်တယ်လို့သိရပါတယ်။

” ဂျပန်က လုပ်ငန်းသစ်တခုအတွက် သင်တန်းသားအလုပ်အကိုင်ခေါ်တာက ဟုတ်ပါတယ်။စိုက်ပျိုးရေး သစ်တောကဏ္ဍအတွက် လို့ပြောထားတော့ အဓိကတော့ အမျိုးသားတွေအတွက် လုပ်ငန်းမျိုး ပေါ့။သတ်လတ်ပိုင်းအမျိုးသားတွေအတွက် လို့ သံရုံးဘက်က အတိအကျမထုတ်ပြန်သေးပေမယ့် အသံထွက်နေတယ်။ ခေါ်ရင်လည်း အနည်းဆုံး လူရာချီမှာ တ၀က် ဒါမှမဟုတ်ရင် လေးဆယ် ၊ငါးဆယ်လောက်ခေါ်မယ်တော့ ခန့်မှန်းထားတယ်။ ဒါက မှန်းခြေပေါ့ တရားဝင်အနေနဲ့ကတော့ သံရုံးက စာထုတ်ပြီး ခေါ်မှသာ အတည်ဖြစ်နိုင်ပါလိမ့်မယ် လို့ ဂျပန်ကို မြန်မာလုပ်သားစေလွှတ်တဲ့ဝန်ဆောင်မှုပေးနေ တဲ့ပြည်ပအလုပ်အကိုင်အေဂျင်စီ က တာဝန်ရှိသူတယောက်က ပြောပါတယ်။

အလုပ်သင်လုပ်သားတွေကို ဂျပန်နိုင်ငံ အနေနဲ့ဆောက်လုပ်ရေး၊ အထည်ချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက် ကုန်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းတွေအတွက် အများဆုံး ခေါ်ယူလေ့ ရှိပါတယ်။

ကျွမ်းကျင်လုပ်သားတွေကိုတော့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ စားသောက်ကုန်နဲ့ စိုက်ပျိုးမွေး မြူရေးလုပ်ငန်းတွေအတွက် အများဆုံးခေါ်ယူတယ်လို့ ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီတွေက နေသိရပါတယ်။

ဂျပန်နိုင်ငံ အနေနဲ့ ယခုနှစ်၂၀၂၄ခုနှစ် ဇွန်လ ၁၄ရက် မှာ ဂျပန်ကိုလာတဲ့ အလုပ်သမားတွေကို လေ့ကျင့်ရေး အစီအစဉ် နဲ့ အစားထိုးမယ့် ဥပဒေကြမ်းတရပ်ကို ဂျပန်လွှတ်တော်က အတည်ပြုထားပြီး၊ အဲဒီ ဥပဒေကြမ်းအရ သူနာပြု၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးစတဲ့ လုပ်သားရှားပါးမှု ကြုံတွေ့နေရတဲ့ နယ်ပယ်တွေမှာ ပြည်ပအလုပ်သမားတွေကို လက်ခံမှာဖြစ်ကြောင်း အသိပေးထားသလို အဲ့ဒီထဲမှာ မြန်မာကပြည်ပအလုပ်သမားတွေကိုလည်းခေါ်ယူဖို့ရည်ရွယ်တဲ့အထဲပါဝင်နေတာပါ။

အထက်ပါ ဥပဒေကြမ်းအရ ဂျပန်ကို သွားရောက်လုပ်ကိုင်တဲ့ ပြည်ပအလုပ်သမားတွေဟာ အရင်ကထက် ဂျပန်မှာ ကာလရှည်ကြာနေထိုင်ခွင့် ပိုမိုရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာကနေ ဂျပန်ကို သွားရောက် လုပ်ကိုင်နေတဲ့ အလုပ်သမားအရေအတွက် က လက်ရှိမှာ ၇၀၀၀၀ကျော်အထိ ရှိနေရာ ပြီးခဲ့တဲ့၂၀၂၃ခုနှစ်က စလို့ ဂျပန်ကို အလုပ်သွားလုပ်တဲ့ လုပ်သားအရေအတွက်က ယနေ့အချိန်အထိ ၃ဆကျော် မြင့်တက်လာနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့စာရင်းတွေအရသိရှိရပါတယ်။

Photo-CJ

Related posts

Leave a Comment

VOM News

FREE
VIEW