ကအာက်တိုဘာ ၉၊ ၂၀၂၄
Shy V VOM
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ခိုဆိုင်းကျေးရွာအုပ်စု၊ ရှန်တော်ရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ မနက် ၂ နာရီခွဲ ဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်ခံရလို့ သံတောင်ဦးကုမ္ပဏီပိုင် သကြားစက်ရုံကို ထိမှန်ပြီး လူ ထိခိုက် သေဆုံးမှုရှိတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
“သကြားစက်ရုံ ကို လေယာဉ် နဲ့ ဗုံး ကြဲ သွားတာ။ နှစ် ယောက် သေပြီး ခြောက် ယောက် ဒဏ်ရာရတယ်လို့ သိရတယ်။ အဆောက်အဦးတော့ ပျက်စီးသွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ထိခိုက် ဒဏ်ရာရတဲ့ လူနာတွေကိုတော့ ကျေးသီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။
“ကိုးကန့် MNDAA စစ်သားတွေ ရှိနေတယ် ဆိုတဲ့ သတင်းကြောင့် လေယာဉ် ဗုံးကြဲတာ။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
လေယာဉ်ဗုံးက ရှန်တော်ရွာက သံတောင်ဦး သကြားစက်မှာ လာကျ ကွဲတာ လို့ သူက ပြောပါတယ်။
ယမိုင်းရယ် ရှန်တော်ရွာက MNDAA တွေ ရိက္ခာ သိုလှောင်တဲ့ သကြားစက်ရုံကို အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ နစက တပ်ဖွဲ့က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ သေဆုံးမှုရှိကြောင်း၊ လက်ရှိ SSPP/SSA တပ်ဖွဲ့က တပ်ဖြန့်ထားကြောင်း၊ MNDAA တပ်ဖွဲ့တွေ မရှိတော့ကြောင်း နစက တပ်ဖွဲ့ နဲ့ နီးစပ်သူတွေက ပြောပါတယ်။
MNDAA တပ်ဖွဲ့ဘက်က သတင်း ထုတ်ပြန်ထားတာတော့ မတွေ့ရ သေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကိုတော့ ဩဂုတ် ၃၀ ရက်နေ့ကစ လက်ရှိအထိ နစက ဘက်က လေကြောင်းနဲ့ ၁၀ ကြိမ်နဲ့ အထက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အထိအခိုက် အများအပြား ရှိခဲ့တာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ