လက်ဘနွန်ကို ဂါဇာလိုမဖြစ်အောင် ဟဇ်ဘိုလာတွေကို မထောက်ခံကြဖို့ နေတန်ယာဟု သတိပေး



တဲလ်အဗစ်၊ အောက်တိုဘာ-၉-၂၀၂၄
မျိုးဆက်(VOM)

ဟဇ်ဘိုလာတွေကို မထောက်ခံကြဖို့နဲ့ ဂါဇာမှာဖြစ်သလိုမျိုး ရှောင်ရှားကြဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ဘနွန်ပြည်သူတွေကို တိုက်ရိုက်ပန်ကြား လိုက်ပါတယ်။

အစ္စရေးတပ်တွေဟာ လက်ဘနွန်အနောက်တောင်ပိုင်း ဒေသတခုကို နောက်ထပ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်ပြီး မြေပြင်ထိုးစစ်ချဲ့ထွင်နေချိန်မှာ နေတန်ယာဟုက အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

“ဂါဇာမှာ မြင်နေရတဲ့ ပျက်စီးခြင်းနဲ့ ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေတဲ့ ကာလရှည်ကြာစစ်ပွဲထဲမရောက်အောင် လက်ဘနွန်ကို ကယ်တင်ဖို့ သင်တို့မှာအခွင့်အရေးရှိတယ်။ ဟဇ်ဘိုလာတို့လက်က သင်တို့နိုင်ငံ လွတ်မြောက်မှသာ စစ်ပွဲပြီးဆုံးနိုင်လိမ့်မယ် ”လို့ နေတန်ယာဟုက ပြောပါတယ်။

အစ္စရေးတပ်တွေဟာ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာကို ဆက်ခံမယ့်သူကို သုတ်သင်နိုင်ခဲ့တယ်လို့ အစောပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။

ဒီအတောအတွင်း ဟဇ်ဘိုလာတို့ကလည်း အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ကို ဒုံးကျည်တွေနဲ့ သုံးရက်ဆက် တိုက်ခိုက်ခဲ့ရာ လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ လက်ဘနွန်မှာတော့ အစ္စရေးရဲ့ သုံးပတ်ကြာ တိုက်ခိုက်မှုအတွင်း လက်ရှိချိန်ထိ လူ ၁၄၀၀ ကျော်သေဆုံးခဲ့ပြီး ၁ ဒသမ ၂ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့ခေါင်းဆောင်များ သေဆုံးခဲ့မှုနဲ့ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တို့ကို ထောက်ခဲ့တဲ့အနေနဲ့ ဒေသတွင်း စစ်သွေးကြွအဖွဲ့တွေဟာ အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW