သိန္နီ မန်ချက်ရွာ လေကြောင်းတိုက်ခိုက်ခံရလို့ ငါးယောက် ဒဏ်ရာရ

အောက်တိုဘာ ၁၀၊ ၂၀၂၄
ZY(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ ဒီကနေ့ အောက်တိုဘာလ ၁၀ရက်၊ မနက်အစောပိုင်းအချိန်က လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပြီး ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
သိန္နီမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စု၊ မန်ချက်ရွာကို ဒီကနေ့ မနက် ၂နာရီ၊ ၃၂မိနစ်ဝန်းကျင်အချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် လူနေအိမ်တွေကို ထိမှန်ခဲ့ပြီး နေအိမ် လေးလုံးထိခိုက်ပျက်စီးခဲ့ကာ လူနှစ်ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရ၊ သုံးယောက်က မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“လူ နှစ်ယောက်သေတယ်လို့ သတင်းတွေတင်နေကြပေမယ့် မသေပါဘူး၊ ဒဏ်ရာပဲရတာပါ။ လေကြောင်းကနေ ခဏခဏဗုံးကြဲခံနေရတော့ သီပေါသတင်းဆိုရင် ဘာမှမထူးဆန်းတော့သလိုတောင် ဖြစ်နေပြီ။ မနေ့ကလည်း တကြိမ်လာကြဲသွားသေးတယ်။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ၄ရက်နေ့ မနက်အစောတုန်းကလည်း တကြိမ်လာကြဲသေးတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
သိန္နီမြို့နယ်တွင်းမှာ အင်တာနက်လိုင်းများ အားလုံး ပြတ်တောက်နေပြီး ဖုန်းလိုင်းတွေသာ ရရှိနေတဲ့အတွက် တခြားဒေသရောက်ရှိနေတဲ့ သိန္နီဒေသခံတွေအနေနဲ့ သတင်းအချက်အလက်သိရှိဖို့အတွက် အခက်အခဲ ဖြစ်နေသလို စစ်ဘေးရှောင်စခန်းတွေမှာလည်း စားနပ်ရိက္ခာလိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ခိုဆိုင်းကျေးရွာအုပ်စု၊ ရှန်တော်ရွာမှာ အောက်တိုဘာလ ၉ရက်၊ မနက် ၂နာရီခွဲ ဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်ခံရလို့ နှစ်ယောက်သေဆုံးပြီး ခြောက်ယောက်ဒဏ်ရာရရှိခဲ့သလို လားရှိုးမြို့၊ ရပ်ကွက် ၅ရှိ မန်အိုင်ကုန်းပေါ်နဲ့ အထက်မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ လူနေအိမ်တွေဟာလည်း အောက်တိုဘာလ ၆ရက်၊ နေ့လည် ၁နာရီခွဲဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး”ပထမပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များကို မူလ (၄) ရပ်ကွက်မှ (၆) ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာ ဖြစ်သလို လက်ရှိမှာတော့ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။
ဓာတ်ပုံ-Naing Lin(Elio)

Related posts

Leave a Comment

VOM News

FREE
VIEW