ZY(VOM)
အောက်တိုဘာ ၂၆၊ ၂၀၂၄
ကယားပြည်နယ်ရဲ့မြို့တော်၊ လွိုင်ကော်မြို့မှာ ပုံမှန်အတိုင်းပြန်လည်စည်ကားနေပေမယ့် အချိန်မရွေး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနိုင်တဲ့အတွက် လက်ရှိအချိန်မှာ ပြည်သူတွေဟာ သတိနဲ့ နေနေကြရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
လွိုင်ကော်မြို့ကို နစကတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်ပြီးနောက် လက်ရှိအချိန်မှာ တက္ကသိုလ်တွေ၊ ဈေးတွေ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ကာ မြို့တွင်းမှာစည်ကားနေပေမယ့် မြို့နေလူထုက စိတ်ချလက်ချတော့ မနေထိုင်ရဲကြသေးပဲ တိုက်ပွဲပြန်လည်ပြန်လည်ဖြစ်ပွားလာနိုင်တာကြောင့် ဘေးလွတ်ရာရှောင်တိမ်းဖို့ အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။
“လက်ရှိကာလက တည်ငြိမ်မှုမရှိသေးတဲ့ ကာလလို့ ပြောလို့ရတယ်။ ရွေးကောက်ပွဲရှိတဲ့အတွက် လွိုင်ကော်ကို အလုံးစုံပြန်ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။ တဖက်က ဝင်လာရင် စစ်ရှောင်ဖို့ရာ အဆင်သင့် ပြင်ထားရတယ်။ အရင်လိုတော့ အေးအေးချမ်းချမ်းစိတ်လွတ်ကိုယ်လွတ် မနေရဲသေးဘူး”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ဘီလူးချောင်း အမှတ်(၂)ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဝန်း (လောပိတ)ထဲ ကို ရေတွေ စတင်ဝင်ရောက်လာပြီး လျှပ်စစ်ဓတ်အားပေးစက်တွေ ပျက်စီးခဲ့တာကြောင့် လွိုင်ကော်မြို့ပေါ်မှာလည်း လျှပ်စစ်မီး ပြတ်တောက်နေတာ တလကျော် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လွိုင်ကော်မြို့တွင်းမှာ ဆန်ဈေး၊ ဆီဈေး၊ စက်သုံးဆီဈေး၊ ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာတွေဟာ ပုံမှန်ထက် ဈေးကြီးမြင့်စွာဝယ်ယူသုံးစွဲနေရပြီး မြို့ပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်းကလည်း မရှိသလောက် ရှားပါးနေသလို စစ်ဆေးရေးတင်းကြပ်မှုတွေကြောင့် ကုန်ပစ္စည်းသယ်ယူဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။
လွိုင်ကော်မြို့ကနေရာတချို့ကို ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေက ၁၁၁၁စစ်ဆင်ရေးကာလအတွင်း ထိန်းချုပ်နိုင်ခဲ့တာရှိပေမယ့် ပြီးခဲ့တဲ့ ဇွန်လကစတင်ပြီး နစကကတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်ကာ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်နေတာဖြစ်သလို လက်ရှိအချိန်မှာတော့ မြို့တွင်းမှာ ပြန်လည်စည်ကားလာနေပြီဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ဒေသခံ
Related posts
-
စည်းကမ်းလိုက်နာတဲ့ YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆုနဲ့ ပြည်သူချီးကျူးဆုတွေ ပေးမယ်
ဒီဇင်ဘာ ၂၄ – ၂၀၂၄GG (VOM)YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆု၊တာဝန်သိယာဥ်မောင်းဆုနဲ့ လူမှုကွန်ရက်မှာခရီးသွားပြည်သူတွေရဲ့ချီးကျူးခြင်းခံရတဲ့ ယာဥ်မောင်းဆုဆိုပြီး... -
နာဆာရဲ့ အာကာသယာဉ် နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ ကြိုးပမ်းနေ
ဝါရှင်တန်၊ ဒီဇင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ရဲ့ အာကာသယာဉ်တစင်းဟာ နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ သမိုင်းဝင်စမ်းသပ်မှုကို ကြိုးပမ်းနေပါတယ်။Parker... -
ဟူသီသူပုန်အဖွဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားသုတ်သင်ဦးမယ်လို့ အစ္စရေး သတိပေး
တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာကို အီရန်နိုင်ငံ တီဟီရန်မြို့မှာ သတ်ဖြတ်ခဲ့တာလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပထမဆုံးအကြိမ် ဝန်ခံပြောဆိုလိုက်ပြီး...