နာလန်ထူနိုင်ဖွယ်မရှိသေးတဲ့ မြန်မာ့ခရီးသွားကဏ္ဍ

အောက်တိုဘာ-၂၇-၂၀၂၄
SS (VOM)
ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲ နောက်ဆက်တွဲ မတည်ငြိမ်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက ရပ်တန့်လုနီးပါး ဖြစ်သွားတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ လက်ရှိအချိန်ထိ ပုံမှန်အခြေအနေကို ပြန်မရောက်သေးပါဘူး။
မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ စိတ်ဝင်တစား လည်ပတ်စရာ နေရာ ၃၀ ထက်မနည်းရှိနေပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးတဲ့နောက် ပြည်ပခရီးသွားအများစုဟာ ရွှေတိဂုံစေတီရှိတဲ့ ရန်ကုန်အပါအဝင် မန္တလေး၊ ပုဂံ၊ ကလောနဲ့ အင်းလေးဒေသတို့ကိုသာ အများဆုံး သွားရောက်ကြပါတယ်။
ဒါပေမယ့် အခုနှစ်မှာတော့ အန္တရာယ်ရှိ ခရီးသွား သတိပေးချက်တွေ၊ နယ်မြေမတည်ငြိမ်မှုတွေအပြင် ရေကြီးရေလျှံမှုတွေပါ ဖြစ်ပေါ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ခရီးသွားလာနိုင်တဲ့ နေရာဒေသ အင်မတန် နည်းပါးသွားတာ ဖြစ်ပါတယ်။ လက်ရှိ အခြေကနေနဲ့ကတော့ ပုဂံ၊ မန္တလေး၊ ချောင်းသာ၊ ငွေဆောင်နဲ့ မြိတ်ကျွန်းစုဒေသတွေဆီကိုသာ အဓိက ခရီးသွားလာလို့ ရနိုင်မှာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေအကြား သုံးသပ်မှုတွေ ရှိနေပါတယ်။
နစက ကတော့ လက်ရှိအချိန်အထိ နာလန်မထူနိုင်အောင် ထိခိုက်လျက်ရှိတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေဖို့ ရုရှား၊ တရုတ်နဲ့ အာဆီယံဒေသတွင်းက ခရီးသွားတွေကို ပိုမိုအားထားလာပါတယ်။ ဒါအပြင် အခု ၂၀၂၄ ခုနှစ် ပွင့်လင်းရာသီမှာလည်း အိမ်နီးချင်း ထိုင်းနဲ့ တရုတ်က ခရီးသွားတွေ ဝင်ရောက်ဖို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကြုံခဲ့ရတဲ့ ရေဘေးကြောင့် ပြည်ပ ခရီးသွားဝင်ရောက်မှု ထင်သလောက် မရနိုင်ဘူးလို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။
“အခုနောက်ပိုင်းမှာ နယ်မြေ တည်ငြိမ်မှုမရှိတဲ့ ဒေသတွေ ပိုများလာတယ်။ နိုင်ငံခြားခရီးသွားက မရှိသလောက်ပါဘဲ။ တကယ်တမ်း ဧည့်သည်တွေ ဝင်ရောက်လာဖို့အတွက် သူတို့ရဲ့ လုံခြုံရေး စိတ်ချရဖို့က သေချာတဲ့ အခြေအနေမှာမရှိဘူး။ အရင်ကဆိုရင် ပွင့်လင်းရာသီ ရောက်ပြီဆိုတာနဲ့ တရုတ်နဲ့ထိုင်းက လာကြတာများတယ်။ အခုကတော့ လတ်တလော ရေဘေးနဲ့ စစ်ဘေးကြောင့် အဲဒီခရီးစဉ်တွေက ဆိုင်းငံ့သွားတာရှိတယ် ဆိုတော့ ဒီနှစ် ခရီးသွားရာသီက အလားအလာကောင်းဖို့ ရာခိုင်နှုန်း အင်မတန်နည်းတယ်” လို့ ခရီးသွားလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လက်ရှိမှာ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံ အများစုက မြန်မာနိုင်ငံကို အန္တရာယ်ရှိတဲ့ ခရီးသွားဒေသအဖြစ် သတ်မှတ်ထားတာပါ။ ဒီအချိန်မှာ နစက က ရုရှား၊ တရုတ် နှစ်နိုင်ငံနဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်နေပါတယ်။ အခုနှစ် ပွင့်လင်းရာသီမှာ တရုတ်နဲ့ ရုရှား ခရီးသွားတွေ အများဆုံး လာရောက်လိမ့်မယ်လို့ မျှော်မှန်းထားကြတာပါ။
နစကဥက္ကဋ္ဌကလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကထက် အခု ၂၀၂၄ ခုနှစ်မှာ ပြည်ပခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်က ကျင်းပခဲ့တဲ့ “ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့” အခမ်းအနားမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပြည်ပခရီးသွား တသန်းကျော် ဝင်ရောက်ခဲ့တာဖြစ်ပေမယ့် အခု ၂၀၂၄ ခုနှစ်အတွင်းမှာတော့ ပထမ ငါးလအတွင်းမှာပဲ ငါးသိန်းကျော် ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရင်နှစ်ကထက်ကို ပြည်ပခရီးသွားဦးရေ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ထားကြောင်း နစကဥက္ကဋ္ဌက ဆိုပါတယ်။
အခုနှစ်ရဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်က “ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ် ဖော်ဆောင်ပေး” (Tourism and Peace) ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တကယ်တမ်း မြန်မာနိုင်ငံအတွင်းမှာတော့ ပဋိပက္ခဧရိယာ ကျယ်ပြန့်လာမှုကြောင့် ငြိမ်းချမ်းရေးအခြေအနေကတော့ အလှမ်းဝေးနေဆဲပါ။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ “ရာဂီ” မုန်တိုင်းဒဏ်ကြောင့်လည်း မြန်မာနိုင်ငံဟာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေကြား ပိုပြီး အထိနာနေရတာပါ။ နိုင်ငံခြားသားတွေ အဓိကလည်ပတ်ရာ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ၊ အင်းလေး၊ ကလော အစရှိတဲ့ ဒေသတွေနဲ့ ပုဂံဒေသတို့မှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့တာပါ။
လက်ရှိအချိန်အထိလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်နိုင်တဲ့ အခြေအနေမှာလည်း မရှိသေးပါဘူး။ ဒါကြောင့် ပြည်ပခရီးသွား ဝင်ရောက်မှုက ခရီးသွားရာသီဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလအတွင်းမှာ ကြီးကြီးမားမား ထိခိုက်စရာ ရှိနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။
ဒါအပြင် နာမည်ကျော် Forbes မဂ္ဂဇင်းရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဖော်ပြချက်မှာလည်း ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး ထိပ်တန်းမြို့ကြီး သုံးခုထဲမှာ မြန်မာနိုင်ငံက ရန်ကုန်မြို့လည်း ပါဝင်လို့နေပါတယ်။ ဒီလေ့လာမှုမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ခရီးသွားလာမှု ဘေးကင်းရေးအဆင့် သတ်မှတ်ချက်တခု ဖန်တီးနိုင်ဖို့ အဓိကထားတယ်လို့ သိရပါတယ်။ ဒီအတွက် ရာဇ၀တ်မှု၊ ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံ၊ သဘာဝဘေးအန္တရာယ်နဲ့ ဒီဂျစ်တယ်လုံခြုံရေး စတာတွေအပါအဝင် တိုင်းတာတွက်ချက်မှု အမျိုးအစား ခုနစ်ခုနဲ့ နိုင်ငံတကာက မြို့ပေါင်း ၆၀ ကို နှိုင်းယှဉ် လေ့လာခဲ့တာလို့ ဆိုပါတယ်။
ထုတ်ပြန်ချက်အရ ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် “ကရာကတ်စ်” က ရမှတ် ၁၀၀ အပြည့်နဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး မြို့တော်စာရင်းထဲ ထိပ်ဆုံးနေရာမှာ ရှိနေခဲ့ပါတယ်။ သူ့နောက်မှာတော့ ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် “ကရာချိ” က ရမှတ် ၉၃ ဒသမ ၁၂ နဲ့ ရှိနေတာပါ။ အဲဒီနောက်မှာတော့ မြန်မာနိုင်ငံမှ ရန်ကုန်မြို့က ရမှတ် ၉၁ ဒသမ ၆၇ မှတ်နဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
ဒါအပြင် ယူကေနိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးကလည်း သူတို့ရဲ့နိုင်ငံသားတွေအတွက် ခရီးသွား အကြံပြုချက် ထုတ်ပြန်ထားသလို တိုက်ပွဲ ပြင်းထန်နေတဲ့ တိုင်းနဲ့ ပြည်နယ် အများစုကို အန္တရာယ် ရှိ အနီရောင်အဆင့် သတ်မှတ်ထားတာပါ။ အဲဒီလိုပဲ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံသားတွေ ခရီးသွားမယ်ဆိုပါက လိုက်နာရမယ့်အချက်တွေကို အသိပေး ထုတ်ပြန်ထားပါတယ်။
ဒီအချက်တွေကြောင့် မြန်မာ့ခရီးသွားကဏ္ဍရဲ့ မျှော်လင့်ချက်ရောင်ခြည်ကတော့ မှေးမှိန်နေဆဲပါ။ အဲဒီလို နိုင်ငံတချို့ရဲ့ သတ်မှတ်ချက်တွေ၊ တိုင်းပြည် မငြိမ်သက်မှုတွေကြောင့် မြန်မာနိုင်ငံကို ပြည်ပခရီးသွား ဝင်ရောက်မှု သိသိသာသာ လျော့နည်းခဲ့ပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းတွေ ထိခိုက်မှု ပြင်းထန်ခဲ့ရတာပါ။
ခရီးသွားကဏ္ဍ ထိခိုက်မှုဆိုတာမှာ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေအပြင် ဧည့်လမ်းညွှန်၊ အမှတ်တရပစ္စည်း ရောင်းချသူတွေ စတဲ့ ဆက်စပ်လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ခရီးသွားလုပ်ငန်းတွေကို မှီခိုနေသူဦးရေ နှစ်သန်းဝန်းကျင်လောက် ထိခိုက်ခဲ့ရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
လက်ရှိ မြန်မာ့ခရီးသွားလုပ်ငန်း အခြေအနေဟာ ပြည်ပထက် ပြည်တွင်းကိုသာ အားထားနေရတာပါ။ လျှပ်စစ်မီး အချိန်ပြည့်မရတဲ့အတွက်လည်း ဟိုတယ်တွေဟာ မီးစက်နဲ့ ညလုံးပေါက် လည်ပတ်ရတဲ့အတွက် တွက်ခြေမကိုက် ဖြစ်လာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒါအပြင် လုပ်ငန်းအများစုက ဘဏ်ချေးငွေသာမက အလတ်စား၊ အသေးစား စတဲ့ လုပ်ငန်းချေးငွေတွေနဲ့ ကျားကန်ပြီး ကြိုးစား လည်ပတ်နေကြရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခရီးအသွားအလာ နည်းကြတာကြောင့် လုပ်ငန်းအရှုံးပေါ်ရုံသာမက အကြွေးပါတင်ရတဲ့ အခြေအနေကိုတောင် ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းအများစု အပြီးတိုင် ပိတ်သိမ်းလိုက်တာ၊ တခြားလုပ်ငန်း ပြောင်းလဲလုပ်ကိုင်ကြတာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
“လတ်တလောအခြေအနေက ပြည်ပခရီးသွားမပြောနဲ့ ပြည်တွင်းခရီးသွားတွေတောင် နည်းနေတဲ့ အခြေအနေ။ တနှစ်ထက်တနှစ် ပိုပိုဆိုးလာတယ်။ အန္တရာယ်ရှိ ခရီးသွား သတိပေးချက်တွေကြောင့် ပြည်ပခရီးသည်က အခုအချိန် မျှော်လို့မရသေးဘူး။ နစက ကတော့ ပြည်ပခရီးသွားကို အထူးသဖြင့် ရုရှားခရီးသွားတွေ ဝင်ရောက်လာဖို့ မျှော်လင့်နေတာပေါ့။ ကျွန်တော့်အထင်ကတော့ ဖြစ်နိုင်ခြေ အင်မတန်နည်းတယ်။ လက်ရှိမှာလည်း ကျွန်တော်သိသလောက်က Travel & Tours လုပ်တဲ့သူက ၁၀ ပုံ၊ တပုံလောက်ပဲ ကျန်တော့တယ်။ တော်တော်များများက ဒီလုပ်ငန်းတွေကို ပိတ်သိမ်းသွားတာ ရှိသလို လုပ်ငန်း ပြောင်းသွားတာတွေလည်း ရှိတယ်” လို့ ဟိုတယ်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးတဲ့နောက် ပြည်တွင်း မငြိမ်မသက်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဥပဒေစိုးမိုးမှု မရှိတဲ့ အခြေအနေတွေ များစွာ ဖြစ်ပေါ်လျက် ရှိနေတာပါ။ ဒါကြောင့် နွေရာသီရောက်တိုင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေနဲ့ စည်ကားလေ့ရှိတဲ့ ငွေဆောင်ကမ်းခြေလို နေရာမျိုးမှာတောင် နိုင်ငံခြားသား ခရီးသွားတွေကို မတွေ့ရတာ သုံးနှစ်လောက်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
အရင်ကဆို ငွေဆောင်နဲ့ ချောင်းသာအပါအဝင် မြန်မာနိုင်ငံက အထင်ကရနေရာတွေကို တရုတ်ခရီးသည် အများစု လာရောက်လည်ပတ်လေ့ရှိပါတယ်။ စပိန်၊ အီတလီ၊ ပြင်သစ် စတဲ့ ဥရောပခရီးသည်တွေလည်း လှပတဲ့ မြန်မာကမ်းခြေတွေကို အထူးနှစ်သက်ကြပါတယ်။
ဒီနှစ်မှာတော့ တလလုံးမှ နိုင်ငံခြားသားဧည့်သည် သုံးယောက်လောက်ပဲ ရှားရှားပါးပါး တွေ့ရတယ်လို့ ငွေဆောင်ဒေသခံက ပြောပါတယ်။ လာရောက်သူ နည်းပါးလွန်းတာကြောင့် သူ့ရဲ့ စားသောက်ဆိုင်ကိုလည်း ပိတ်ပစ်လိုက်ရတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်ဆိုင်တင်မဟုတ်ဘူး။ တခြားဆိုင်တွေ တော်တော်များများလည်း အဲဒီလိုပဲ။ ကျွန်တော်တို့ ဒီကဆိုင် တော်တော်များများက ခရီးသည်တွေကိုပဲ မျှော်ကိုးနေရတာလေ။ အထူးသဖြင့် ပြည်ပခရီးသွားတွေပေါ့။ အခုဆို သူတို့ကို တယောက်စ၊ နှစ်ယောက်စလောက်ပဲ တွေ့ရတော့တယ်။ အရင်ကဆို ဧည့်သည် ၂၅၀၊ ၃၀၀ ဝန်းကျင်လောက် အမြဲရှိတာလေ။ အခုက မရှိသလောက်ကို ဖြစ်သွားတာ။ ဆိုင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ပိတ်ထားလိုက်ရတာ” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံကို ပြည်ပခရီးသွား ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က လူဦးရေ တသန်းကျော် ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ အခု ၂၀၂၄ နှစ်မှာတော့ စက်တင်ဘာလအထိ စာရင်းတွေအရ ငါးသိန်းကျော်သာရှိသေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ် ပမာဏကို ရောက်ရှိနိုင်ဖို့ ခက်ခဲလိမ့်မယ်လို့လည်း ခရီးသွား လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
၂၀၂၁ ခုနှစ် မတိုင်ခင်ကတော့ ကိုဗစ် (၁၉) ကူးစက်မှုတွေကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်ရင် ခရီးသွားလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်မယ်လို့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက မျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့်လည်း အဲဒီနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခဲ့တာကြောင့် မျှော်လင့်ချက်တွေ အရာမထင်ခဲ့ကြပါဘူး။
နိုင်ငံအတွင်း မတည်ငြိမ်မှုတွေကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းဟာ ၂၀၂၁ ခုနှစ်ကစလို့ တရှိန်ထိုး ကျဆင်းသွားခဲ့ရပါတယ်။ အခုအချိန်အထိလည်း ပုံမှန်အခြေအနေဆီ ပြန်ရောက်မလာသေးပါဘူး။ လက်ရှိအချိန်ကတော့ ပြည်ပခရီးသွားတွေကို မျှော်လင့်ဖို့ မဆိုထားနဲ့ နယ်မြေအေးချမ်းမှုမရှိတာ၊ စက်သုံးဆီဈေးနှုန်း ကြီးမြင့်လာတာ၊ အလုပ်အကိုင်၊ ဝင်ငွေရရှိမှု မလောက်ငှတာ စတဲ့ အချက်တွေကြောင့် ပြည်တွင်းခရီးသွားတွေပါ လျော့နည်းနေရတဲ့ အခြေအနေဖြစ်ပါတယ်။
ဒါကြောင့် “မီးခိုးမထွက်တဲ့ စက်ရုံ” လို့ တင်စားခေါ်ဝေါ်ကြတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ ရှေ့ဆက် အလားအလာကတော့ အကောင်းဘက်ကိုရောက်နိုင်ဖို့ အားနည်းချက် များစွာ ရှိနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ ဒေသတွင်း မတည်မငြိမ်မှုတွေကြောင့် ထင်သလောက် ခရီးမပေါက်သေးဘဲ ဆက်လက် ရုန်းကန်နေရဦးမှာပဲ ဖြစ်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW