အိန္ဒိယ လေကြောင်းလိုင်းတွေကို ဗုံးခြိမ်းခြောက်မှု ၃၀၀ နီးပါးထိရှိခဲ့လို့ အစိုးရက သတိပေးချက်ထုတ်ပြန်



ဒေလီ၊ အောက်တိုဘာ-၂၇-၂၀၂၄
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ ယခုလအတွင်း လေကြောင်းလိုင်းတွေအပေး ဗုံးခြိမ်းခြောက်မှုတွေ မြင့်တက်ခဲ့ပြီး ခရီးသွားလာမှုနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အစိုးရက ပြောကြားပြီးနောက် သတင်းမှားတွေဖြန့်ဝေတာတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် ပလက်ဖောင်းတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အချို့သော ခြိမ်းခြောက်မှုတွေဟာ လေယာဉ်တွေကို ဂျာမနီ၊ ကနေဒါတို့ကို လမ်းကြောင်းပြောင်းစေခဲ့ပြီ ဗြိတိန်နဲ့ စင်ကာပူ ခရီးစဉ် လေယာဉ်အချို့ဆိုရင် တိုက်လေယာဉ်တွေပါ ချဉ်းကပ်စောင့်ကြပ်ခဲရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အောက်တိုဘာလလယ်ကတည်းက အိန္ဒိယလေကြောင်းလိုင်းတွေမှာ ဗုံးခြိမ်းခြောက်မှု ၃၀၀ နီးပါး ရှိတယ်လို့ ပီတီအိုင်သတင်းဌာနက ဖော်ပြထားပြီး တခြားသတင်းဌာနအချို့ကတော့ ဗုံးခြိမ်းခြောက်မှု ၄၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။

ဒီလို မသမာတဲ့ရည်ရွယ်ချက်နဲ့ ဗုံးခြိမ်းခြောက်မှုတွေဟာ နိုင်ငံနဲ့ အများပြည်သူမတည်မငြိမ်ဖြစ်ပြီး စီးပွားရေးကိုလည်း ထိခိုက်စေပြီး သတင်းမှားတွေဟာ အထိန်းအကွပ်မရှိ ပြန့်နှံ့နေတယ်လို့ အိန္ဒိယ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

လူမှုကွန်ရက် ပလက်ဖောင်းတွေအနေနဲ့ သတင်းမှားတွေကို ချက်ချင်းဖယ်ရှားဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး ဒါကို မလိုက်နာဘူးဆိုရင် ဥပဒေပြဌာန်းပြီး အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ လက်ရှိခြိမ်းခြောက်မှုတွေဟာ တွစ်တာမှာ အများဆုံးဖြစ်ပါတယ်။

လူမှုကွန်ရက် ကုမ္ပဏီတွေအနေနဲ့ နိုင်ငံအချုပ်အခြာ၊ လုံခြုံရေးနဲ့ စီးပွားရေးကို ခြိမ်းခြောက်တာတွေကို ကန့်သတ်အရေးယူရမှာဖြစ်ပြီး စုံစမ်းစစ်ဆေးတာတွေကို အကူအညီပေးဖို့ အစိုးရအေဂျင်စီတွေနဲ့ လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်ရမယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Ref:AFP
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW