နိုဝင်ဘာ ၁၊ ၂၀၂၄
Shy V(VOM)
TNLA သိမ်းပိုက် ထိမ်းချုပ်ထားတဲ့ ကွတ်ခိုင်မှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၃ နာရီခွဲ ဝန်းကျင်ခန့်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရလို့ လူ တယောက်သေဆုံးကာ နေအိမ်တချို့ ထိခိုက်ပိက်စီးတာရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကွတ်ခိုင်မှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၃ နာရီခွဲ ဝန်းကျင်ခန့်က လေယာဉ်နဲ့ ဗုံး နှစ် ခါ လာကြဲသွားတယ်။” လို့ ဒေသခံတယောက် ပြောပါတယ်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ( နတလ)ရုံးဝန်း နဲ့ မော်ဟစ်ရွာထဲကျတာက နေအိမ်တွေ ထိမှန် ပျက်စီးသွားပေမယ့် လူ အထိအခိုက် မရှိဘူးလို့ သူက ပြောပါတယ်။
“ကွတ်ခိုင် တိုးဂိတ်အနီးက အရင်က အခွန်ရုံးနား လေယာဉ်ဗုံး ထိမှန်လို့ လူ တယောက်သေသွားတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ပေါက်ကွဲသံ ၁၀ ကြိမ်ကျော် ကြားရပြီး ရပ်ကွက် ၃ အနီးဝန်ကျင်နဲ့ တိုးဂိတ်ဘက် ဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ကြားရကြောင်း သူက ပြောပါတယ်။
ဗုံးမကြဲခင် ယမန်နေ့ည ကတည်းက ကင်းထောက် ဒရုန်းတွေ ဝဲနေတာတွေ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်တဲ့ နေ့မှာလည်း ကွတ်ခိုင်မြို့နယ် မုံးစီး အနီးက ပြိန်းလုံ ရေပူရွာမှာလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
TNLA တပ်ဖွဲ့ဘက်ကတော့ ကွတ်ခိုင် ရပ်ကွက် ၂ အကောက်ခွန်ရုံး၊ မီးသတ်ရုံး၊ နတလ ကျောင်း၊ EPC ရုဲး၊ တိုးဂိတ်အနီး နဲ့ ယူကလစ်တောတွေမှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၃ နာရီခွဲကျော်က နစက တပ်ဖွဲ့ဘက်က ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံး ရှစ် လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ထားပါတယ်။
Photo Crd# ဒေသခံ