မက်ဒရစ်၊ နိုဝင်ဘာ-၁-၂၀၂၄
မျိုးဆက်(VOM)
စပိန်နိုင်ငံမှာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုအတွင်း သေဆုံးသူဦးရေ ၁၅၈ ယောက်ကျော်ရှိလာပြီး ပျောက်ဆုံးသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေ ရုန်းကန်နေရပါတယ်။
ပြီးခဲ့တဲ့နေ့ကတော့ နိုင်ငံတဝန်း မိုးရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ဒရုန်းအစင်း ၁၂၀၀ ကျော်ထိ အသုံးပြုပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။
ယခုအချိန်မှာ အရေးအကြီးဆုံးကတော့ လူ့အသက်တွေကို မြန်မြန်ကယ်တင်နိုင်ဖို့ပဲလို့ စပိန်ဝန်ကြီးချုပ် ပက်ထရိုဆန်းချက်ဇ်က ရေဘေးသင့်ဒေသတွေကို သွားရောက်ရာမှာ ပြောပါတယ်။ ရေဘေးအသင့်ဆုံးမြို့တွေရှိ ရွှံ့နွံတွေနဲ့ အပျက်အစီးတွေအောက် အလောင်းတွေကို ဆယ်ယူနိုင်ရေး ကယ်ဆယ်ရေးသမားတွေက လုပ်ဆောင်နေကြပါတယ်။
ဗလင်စီယာမှာတော မြစ်တစ်စင်းရေလျှံလို့ သေဆုံးသူ ၄၀ အပါအဝင် လူ ၁၅၅ ယောက်သေဆုံးခဲ့ပြီး ပြည်နယ်အနောက်ဘက် ကတ်စတီလာလာမန်ချာမှာ နှစ်ယောက်၊ အန်ဒါလူစီးယားမှာ ဗြိတိန်နိုင်ငံသားတယောက်တို့ သေဆုံးခဲ့ပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ကားလမ်းတွေရေလျှံခဲ့ပြီး အသက်ဘေးကလွတ်မြောက်ဖို့အတွက် သစ်ပင် သို့မဟုတ် တံတားများပေါ်တက်ပြီး နေထိုင်ခဲ့ရကြောင်း အသက်ရှင်ကျန်ရစ်သူတွေက ပြောပါတယ်။ စပိန်မိုးလေဝသ အေဂျင်စီရဲ့ အဆိုအရ ဗလင်စီယာအနီး ချီဗာမြို့မှာ ရှစ်နာရီအတွင်း တနှစ်စာမိုးရေချိန်နဲ့ ညီမျှတဲ့ပမာဏထိ ရွာသွန်းခဲ့တယ်လို့ ပြောပါတယ်။
ရေကြီးမှုဒဏ်ခံရတဲ့ ဒေသတွေမှာ ရာနဲ့ချီတဲ့ ယာယီစခန်းတွေမှာ ရေဘေးသင့်သူတွေ ခိုလှုံနေရဆဲဖြစ်ပြီး လမ်းတွေရှင်းလင်းရေးနဲ့ နေအိမ်တွေ၊ စီးပွားရေး လုပ်ငန်းတွေပြန်လည်ထူထောင်ရေး အခက်အခဲတွေရှိနေပါတယ်။
ဗလင်စီယာဒေသနဲ့ ကျန်စပိန်နိုင်ငံဒေသတွေကို ဆက်သွယ်ထားတဲ့ လမ်းတံတားနဲ့ မီးရထားလမ်းအများစုကတော့ ပြတ်တောက်နေဆဲဖြစ်ပါတယ်။ စပိန်အစိုးရတော့ နိုင်ငံတော်ဝမ်းနည်းခြင်း သုံးရက်ကြေညာထားပါတယ်။
ပျောက်ဆုံးနေသူအများအပြားရှိပေမယ့် အတိအကျကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဖွံ့ဖြိုးပြီး ဥရောပနိုင်ငံတခုမှာ သဘာ၀ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး အချိန်မီသတိပေးချက် ထုတ်ပြန်ခြင်းမရှိတာနဲ့ပတ်သက်ပြီး စပိန်အစိုးရကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။
Ref:BBC
Photo:Reuters