ဖီမော နယ်စပ်ရွာကို ကေအိုင်အေ ထိန်းချုပ်လိုက်ကြောင်း သတင်းထွက်ပြီးနောက် နယ်စပ်ဂိတ်ကို တရုတ်ဘက်က ယာယီပိတ်



နိုဝင်ဘာ ၄၊ ၂၀၂၄
Shy V (VOM)

တရုတ် – မြန်မာ နယ်စပ်၊ ကချင်ပြည်နယ် အထူးဒေသ ၁၊ ဖီမော နယ်စပ်ရွာကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်လိုက်ကြောင်း သတင်း ထွက်ပေါ်ပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့ည ၁၂ နာရီကစ နယ်စပ်ဂိတ်ကို ယာယီ ပိတ်ထားကြောင်း တရုတ်ဘက်က ထုတ်ပြန် ထားပါတယ်။

ဖီမော – လူရွှင့် နယ်စပ်ဂိတ် ကနေ ခရီးသည်နဲ့ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားကြောင်း၊ နယ်စပ်ဂိတ်ရဲ့ အခြေခံ အဆောက်အဦးတွေ နဲ့ စစ်ဆေးရေး မြှင့်တင်ရန်လိုအပ်ခြင်းကြောင့် နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၂ နာရီကစ ဆိုင်းငံ့ထားကြောင်း လူရွှင့် နယ်စပ် ပြည်သူ့ အစိုးရရုံးကနေ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

နယ်ခြားစောင့်တပ်တွေ စခန်းချ ထားတဲ့ ဖီမော ကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ် လိုက်ကြောင်း ဒေသခံတွေဆီက ပြောပါတယ်။

“တရုတ်နယ်စပ်ဂိတ် ရှိရာ ဖီမောကို နိုဝင်ဘာလ ၂ ရက်နေ့ည ကတည်းက ကေအိုင်အေနဲ့ ပူးပေါင်း အဖွဲ့တွေ စဝင်နေပြီ။ နိုဝင်ဘာလ ၃ ရက်နေ့မနက်တော့ အားလုံး ထိန်းလိုက်တယ်လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

နစက တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကတော့ ဖီမော ဘက် နံ နယ်ခြားစောင့်တပ် ၁၀၀၁ ဘက်တော့ ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စီးမိသွားလို့ နစကတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ တပ်ဆုတ်ထားရတယ်လို့ ပြောပါတယ်။
နစက တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတော့ ဖီမောအနီးရှိ ထန်းဒုန် မှာ စုဖွဲ့ပြီး ခံစစ်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်ခန့်က နယ်ခြားမှတ်တိုင် ၇ မှာ အခြေစိုက်ထားတဲ့ ခလ၇ ၂၉၈ နစက တပ်စခန်း လက်အောက်ခံ ကာကင်းစခန်း တခုကိုလည်း ထိန်းချုပ် လိုက်ကြောင်း ဒေသအခြေစိုက် The Kachin Net သတင်းမှာ ဖော်ပြထားပါတယ်။

ခလရ ၂၉၈ လက်အောက်ခံ လဂွေ ကျောင်းကုန်းစခန်းကိုတော့ နိုဝင်ဘာလ ၁ ရက်နေ့က ထိန်းချုပ် လိုက်တာဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ် တပ်ရင်းဌာနစခန်း အဟောင်း ကို ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Crd# The Kachin Net

Related posts

✕
VOM News

FREE
VIEW