ရွေးကောက်ပွဲ အောင်ပွဲခံပြီလို့ ဒေါ်နယ်ထရန့် ကြေညာ၊ ပေးတဲ့ကတိ တည်မယ့် အစိုးရလို့ ပြော

ဝါရှင်တန်၊ နိုဝင်ဘာ-၆-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ဟာ လက်ရှိကျင်းပနေတဲ့ သမ္မတရွေးကောက်ပွဲမှာ အောင်ပွဲခံပြီလို့ သူ့ရဲ့ ထောက်ခံသူတွေကို အောင်ပွဲခံ မိန့်ခွန်းမှာ ကြေညာလိုက်ပါတယ်။
“အမေရိကန်ပြည်သူတွေက ကျွန်တော်တို့ကို မကြုံဖူးထောက်ခံခဲ့ပြီး စွမ်းအားအပြည့် လုပ်ပိုင်ခွင့် ပေးအပ်ခဲ့တယ် ” လို့ ထရန့်က ထောက်ခံသူတွေကို ပြောပါတယ်။
ဒီသမ္မတအလုပ်က ကမ္ဘာပေါ်မှာ အရေးကြီးပြီး သူ့ရဲ့ အစိုးရအနေနဲ့ ပေးတဲ့ကတိ တည်အောင်လုပ်မယ် ဆိုတဲ့ဆောင်ပုဒ်အတိုင်း လုပ်ဆောင်သွားမယ်လို့ သူကဆိုပါတယ်။
အရေးပါတဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ အနိုင်ရဖို့ အခြေအနေရှိနေတာကြောင့် သမ္မတရွေးကောက်ပွဲ အနိုင်ရဖို့ သေချာသလောက်ဖြစ်နေပြီဖြစ်ပါတယ်။
ထရန့်ဟာ အစောပိုင်းကတည်းက မြောက်ကယ်ရိုလိုင်းနားနဲ့ ဂျော်ဂျီယာတို့မှာ အနိုင်ရရှိပြီးနောက် ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ်ရဲ့ သမ္မတဖြစ်ရေး လမ်းကြောင်းက ကျဉ်းမြောင်းသွားခဲ့ပါတယ်။
ထရန့်ကတော့ ဖလော်ရီဒါမှာ သူ့ထောက်ခံသူတွေကို ဒီည မိန့်ခွန်းပြောမယ်လို့ ဆိုထားပြီး ထောက်ခံသူတွေကလည်း သူ့ရဲ့ အောင်ပွဲခံမိန့်ခွန်းကို စောင့်ဆိုင်းနေကြပါတယ်။
ဟားရစ်ကတော့ ဒီနေ့ပြောဖွယ်မရှိပါဘူး။ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီထိ ရရှိထားတဲ့ သတင်းတွေအရ ထရန့်ဟာ ပြည်နယ်ကိုယ်စားလှယ်မဲ ၂၆၆ မဲရရှိထားပြီး ဟားရစ်ကတော့ ၁၉၄ မဲရရှိထားပါတယ်။
သမ္မတဖြစ်ဖို့အတွက် ပြည်နယ်ကိုယ်စားလှယ်မဲ ၂၇၀ ရရှိဖို့ လိုပါတယ်။ ထရန့်ရဲ့ ရီပတ်ဘလီကန်တွေဟာ အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အမတ်နေရာအများစုအနိုင်ရရှိနေတယ်လို့ ရွေးကောက်ရလဒ်တွေမှာ ဖော်ပြထားပါတယ်။
ဒီရွေးကောက်ပွဲဟာ အမေရိကန်သမိုင်းမှာတော့ ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး ရွေးကောက်ပွဲတွေထဲက တခုဖြစ်ခဲ့ပြီး ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ်ကတော့ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံအားပေးပြီး အိမ်ထောင်စုတွေအတွက်အသုံးစရိတ်တွေ လျှော့ချရေး ကူညီမယ်လို့ ဆိုပါတယ်။
ထရန့်ကတော့ တရားမဝင်ဒုက္ခသည်တွေ ဝင်မလာရေးအတွက် နယ်စပ်တွေပိတ်မယ်လို့ ပြောဆိုထားပြီး ဒေါ်လာထရီလီယံနဲ့ချီပြီး အခွန်တွေလျှော့ချမယ်လို့ ကတိပြုထားကာသူဟာ မကြာသေးမီလတွေအတွင်းက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွင်း လုပ်ကြံသတ်ဖြတ်မှုမှ လက်မတင်လေး လွတ်မြောက်ခဲ့ပါတယ်။
ထရန့်ရဲ့ အနိုင်ရရှိ‌ပြီးနောက် ရှေ့ဆက်လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောဆိုထားပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ဟာဟုကလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Ref:CNN/BBC
Photo: BBC/ Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW