ရခိုင်ကုန်စည်လမ်းကြောင်း မကောင်းတာကြောင့် ချင်း(ဂျင်း)လျှော့စိုက်ဖို့ တောင်သူတွေကို တိုက်တွန်း

ZY(VOM)
နိုဝင်ဘာ ၇၊ ၂၀၂၄
ရခိုင်ပြည်နယ်ကို ကုန်စည်တင်ပို့ရာလမ်းကြောင်း မကောင်းနိုင်သေးတဲ့အတွက် လာမယ့် ၂၀၂၅၊ ၂၀၂၆ခုနှစ် ၂နှစ်တာကာလ အတွင်း ချင်းလျှော့စိုက်ဖို့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက တောင်သူတွေကို ကုန်သည်တွေက တိုက်တွန်းပြောဆိုမှုတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ ထွက်ရှိတဲ့ ချင်းတွေကို အဓိကထား ဝယ်ယူနေတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ပြီး ချင်းတင်ပို့ရောင်းချနိုင်ဖို့ သယ်ယူပို့ဆောင်ရေးအတွက် အလွယ်ကူဆုံးနဲ့ အသက်သာဆုံးဖြစ်တဲ့ လမ်းကြောင်းက ရခိုင်၊ တောင်ကုတ်လမ်းကြောင်းဖြစ်နေတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။
အဲဒီလမ်းကြောင်းမှာ နစကတပ်ဖွဲ့နဲ့ AAတို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်တိုက်ရှိနေပြီး လာမယ့် ၂နှစ်တာ ကာလအတွင်း လမ်းကြောင်းပြန်မကောင်းသေးတဲ့အတွက် ချင်းတွေကို လျှော့ချပြီး အခြားသီးနှံတွေ အစားထိုးစိုက်ပျိုးသင့်တယ်လို့ ဆိုပါတယ်။
“ရခိုင်ပြည်နယ် လမ်းကြောင်းမကောင်းနိုင်သေးတဲ့အတွက် ချင်းအရောင်းအဝယ် မကောင်းနိုင်ဘူး။ ချင်းတွေကို အဓိကဝယ်တာက ဘင်္ဂလားဒေ့ရှ်။ သယ်ယူပို့ဆောင်ရေးအတွက် အလွယ်ကူဆုံးနဲ့ အသက်သာဆုံးဖြစ်တဲ့ လမ်းကြောင်းက ရခိုင်၊တောင်ကုတ်မလား။ မြေပြင်အခြေအနေအရ အဲဒီလမ်းကြောင်းဟာ နှစ်နှစ်အတွင်း ပုံမှန်အတိုင်း ပြန်ကောင်းဖို့ မမြင်ရသေးဘူး။ ဒါကြောင့် ပြည်တွင်းဈေးကွက်အတွက်လောက်ပဲ ချင်းကိုစိုက်ပြီး ချင်းအစား ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း အဆင်ပြေမယ့် တခြားသီးနှံတွေ အစားထိုးစိုက်ပျိုးစေချင်ပါတယ်”လို့ အောင်ပန်းကုန်စိမ်းပွဲရုံပိုင်ရှင်က VOMကို ပြောပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းကုန်စည်ဈေးကွက်မှာ ချင်းဥမမြေနီအကြီး တပိဿာကို ၃၅၀၀ကျပ်ဝန်းကျင်၊ ချင်း ဥမမြေနီအလတ် တစ်ပိဿာကို ၂၅၀၀ကျပ်ကနေ ၃၀၀၀ကျပ်အထိ ပေါက်ဈေးရှိနေပြီး ချင်းတွေကို ရှမ်းပြည်နယ်တောင်ပိုင်းက ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွာငံ၊ ရပ်စောက်၊ ပင်းတယ၊ ဘော်ဆိုင်းစတဲ့ ဒေသတွေမှာ အဓိကထားစိုက်ပျိုးကြတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local

Related posts

Leave a Comment

VOM News

FREE
VIEW