.ရာသီဥတုပြောင်းလဲမှုရဲ့ အချက်ပေးခေါင်းလောင်းသံတွေ



သွေး (စစ်ကိုင်း)

လူသားတွေ မှီတင်းနေထိုင်တဲ့ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးအောင် ထိန်းသိမ်းကာကွယ် ရမှာက အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက လူသားတွေရဲ့ လုပ်ဆောင်မှုကြောင့်ပဲ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နေရသလို ရာသီဥတုပြောင်းလဲမှု (Climate Change) ဖြစ်ပေါ်နေရတာပါ။ တစ်နှစ်ထက် တစ်နှစ် ပိုမို ဆိုးရွားလာနေ တဲ့ ရာသီဥတုဖြစ်စဉ်တွေကို မျက်ဝါးထင်ထင် တွေ့မြင်နေရသလို လက်တွေ့အနေနဲ့လည်း ထိခိုက်ဆုံးရှုံးမှုတွေ ပိုများလာနေ ပါတယ်။

မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက သတိပေးခဲ့ကြ ပေမဲ့ အလေးအနက်ထား ဂရုပြုမိသူ အင်မတန်နည်းပါးပါတယ်။ အထူးသဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမြေပြိုမှု တွေကြောင့် လူပေါင်း ၅၀၀ ကျော်အထိ သေဆုံးရတဲ့ ဖြစ်စဉ်တွေကြောင့် ဘာကြောင့် ဒီလောက် အထိ လူသေဆုံးမှု များရသလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ “တစ်သက်နဲ့ တစ်ကိုယ် ကြုံတောင် မကြုံဖူးဘူး” လို့ ပြောကြသူတွေလည်း ရှိပါတယ်။ တကယ်တော့ ရာသီဥတုပြောင်းလဲမှုဟာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ဘဲ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်ခဲ့တဲ့ လူ့ပယောဂတွေကြောင့် ဖြစ်လာရတာပါ။

တကယ်လို့ သစ်တောပြုန်းတီးမှုတွေ၊ အလွန်အကျွံသစ်ဝါးထုတ်ယူမှုတွေ၊ သတ္တုတူးဖော်မှုတွေသာ မရှိခဲ့ရင် ဒီလောက် ဆုံးရှုံးမှု ကြီးမားများပြားမှာ မဟုတ်ပါဘူး။ မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းတွေဟာ အရေးကြီးရုံသာမက ဆည်တွေကို စနစ်တကျ စီမံခန့်ခွဲရေးဟာလည်း အရေးကြီးပါတယ်။ ဆည်တွေ တည်ဆောက်ခြင်းဟာ စိုက်ပျိုးရေး အတွက် အထောက် အကူပြုပေမဲ့ မိုးရွာသွန်းမှု များပြားလာလို့ ဆည်တွေ ရေအဝင်များလာတဲ့အခါ အခန့်မသင့်ရင် ဆည်ကျိုး ဆည်ပေါက် တာတွေ ဖြစ်နိုင်ပါတယ်။ မန္တလေးတိုင်းက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့ မြို့နယ်တချို့မှာ ဆည်ရေကြောင့် ပိုမို ဆိုးရွားခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ရွှေတူးဖော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ ရမည်းသင်းမြို့နယ်က မိုးထိမိုးမိ ရွှေလုပ်ကွက်တွေနဲ့ အနီးအနားရွာတွေမှာ မြေပြိုမှုတွေ ရှိခဲ့သလို ရွာလုံးကျွတ်နီးပါး မြေအောက်နစ်မြုပ်ခဲ့ရတာတွေတောင် ရှိခဲ့ပါတယ်။

သတ္တုတူးဖော်မှုက ထွက်ပေါ်လာတဲ့ စွန့်ပစ်မြေစာတွေကို စနစ်တကျ စွန့်ပစ်မှု မရှိခဲ့တာကလည်း ရေကြီးမှုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ ပါဝင်နေပါတယ်။ စွန့်ပစ်မြေစာတွေ မြစ်ချောင်းတွေထဲကို ရောက်သွားတဲ့ ပမာဏများလာတာနဲ့ အမျှ မြစ်ချောင်းကြမ်းပြင် မြင့်တက်လာပြီး တစ်နည်းအားဖြင့် မြစ်ချောင်းတွေ တိမ်ကောလာပြီး ရေကြီးရေလျှံမှု ဖြစ်စေ တာပါ။ ဒါအပြင် ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ပြဒါးကဲ့သို့သော ဓာတုပစ္စည်းတွေကြောင့် ရေထုညစ်ညမ်းမှုကို ဖြစ်စေရုံ သာမက ရေနေသတ္တဝါတွေရဲ့ ရှင်သန်မှုကိုပါ ထိခိုက်စေပါတယ်။
သစ်အလွန်အကျွံ ခုတ်လှဲမှုကြောင့် သစ်တောပြုန်းတီးမှုတွေ သိသိသာသာများလာတာနဲ့ အမျှ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုတွေ တိုးလာစေတာပါပဲ။ သစ်ပင်တွေရဲ့ အမြစ်တွေက ရွာချလိုက်တဲ့ မိုးရေတွေကို စုပ်ယူထားနိုင်ပြီး မြေအောက်ရေ ဖြည့်တင်းပေးပါတယ်။ သစ်တောပြုန်းတီးလာတဲ့အခါ သစ်ပင်တွေနည်းပါးသွားတာကြောင့် မိုးရေတွေဟာ အတားအဆီးမရှိ တရဟောစီးဆင်းသွားတဲ့ အတွက် ရေကြီးမှု ဖြစ်စေဖို့ အားပေးသလို ဖြစ်စေပါတယ်။ သိသာထင်ရှားတဲ့ အချက်တစ်ခုကတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း တောင်ပေါ်မြို့လေး တစ်မြို့ဖြစ်တဲ့ ကလောမြို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့ပြီး လူ့အသက်သေဆုံးမှုတွေ ရှိခဲ့တာပါပဲ။ “ထင်းရှူးမြို့တော်” လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ ကလောမြို့မှာ ထင်းရှူးပင်တွေကို လိုတာထက်ပိုပြိး ခုတ်လှဲခဲ့တဲ့ အတွက် အခုလို ရေကြီးမြေပြိုမှုတွေ ဖြစ်ရတာပါ။

ပုံမှန်အားဖြင့် နိုဝင်ဘာလကို ရောက်ပြီဆိုရင် မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီဝင်ရောက်ပြီလို့ သတ်မှတ်ကြပေမဲ့ မြန်မာနိုင်ငံအနှံ့ မိုးတွေ ဆက်လက်ရွာသွန်းနေတာက ရာသီဥတုပြောင်းလဲနေပြီ ဆိုတာကို သက်သေပြနေပါတယ်။ မြန်မာနိုင်ငံသာမကဘဲ အာရှမှာ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုတွေ၊ ရာသီဥတုပြောင်းလဲမှုတွေ သိသိသာသာ ဖြစ်ပေါ်နေပါပြီ။ သိပ်မကြာသေးမီကပဲ “ကောင်းရေး” (Kong-rey) မုန်တိုင်းက ထိုင်ဝမ်ကျွန်းဆီ ဝင်ရောက် တိုက်ခတ်ခဲ့ ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း အပူပိုင်းမုန်တိုင်း “ထရာမီ” (Trami) တိုက်ခတ်ခဲ့ပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို အချိန်မီ မတားဆီး မထိန်းချုပ်နိုင်ရင် ဒီလို အဖြစ်အပျက်တွေ ဆက်လက် ကြုံနေရမှာ ဖြစ်တယ် လို့ ပညာရှင်တွေက သတိပေးထောက်ပြခဲ့တာ ကြာပါပြီ။ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုကနေ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ပိုမိုထုတ်လွှတ်တဲ့အတွက် ကမ္ဘာကြီးပူနွေးမှု ဖြစ်ပေါ်လာရပါတယ်။ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ် တွေဟာ ကမ္ဘာ့လူသားတွေရဲ့ အသက်ရှင်သန်မှုအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေပေမဲ့ ထိရောက်ဟန့်တားနိုင်တဲ့ လုပ်ဆောင်မှုတွေ မရှိတာကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားလာစေပါတယ်။ အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ အပါအဝင် တခြားသော ဖန်လုံအိမ်ဓာတ်ငွေ့တွေ လေထုထဲ ပိုမိုရောက်ရှိလာရတယ် လို့ ဆိုပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ အပူချိန်တွေ တိုးလာသလို အပူလှိုင်းဖြတ်မှုတွေ ပိုများလာပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိလာပြီး အပူလျှပ်တာ၊ ဖျားနာတာတွေ ဖြစ်လာနိုင်ပါတယ်။ အပူလှိုင်း ဖြတ်မှုကြောင့် အာရှနိုင်ငံတွေ အပါအဝင် နိုင်ငံတချို့မှာ ကျောင်းတွေ ပိတ်ထားရတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။

အပူလှိုင်းဖြတ်မှုတွေသာမက မိုးရွာသွန်းမှုမှာ ပုံမှန်မဖြစ်မှုတွေလည်း များလာပါတယ်။ တချို့ဒေသတွေမှာ မိုးအလွန်အကျွံ ရွာသွန်းပြီး တချို့ဒေသတွေမှာတော့ မိုးမရွာသလောက် ဖြစ်နေပြန်ပါတယ်။ ပိုပြီးပြင်းထန်တဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်စေရုံမက မုန်တိုင်းဖြစ်ပွားမှု အကြိမ်အရေအတွက်ပါ ပိုများလာစေပါတယ်။ un.org မှာ ဖော်ပြထားချက်အရ ၂၀၂၃ ခုနှစ်ဟာ အပူဆုံးနှစ် တစ်နှစ်ဖြစ်ခဲ့သလို ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်နွယ်ပြီး ပင်လယ်ရေမြင့်တက်မှု၊ ရေခဲတောင်တွေ အရည်ပျော်ကျမှုတွေ ဖြစ်ခဲ့ရတယ် လို့ ဆိုပါတယ်။

ရေကြီးမြေပြိုမှုတွေဟာ ကမ္ဘာ့လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုကို ခြိမ်းခြောက်နေသလို သမုဒ္ဒရာအပူချိန် မြင့်တက်မှုနဲ့ သမုဒ္ဒရာရေစီးကြောင်း ပြောင်းလာမှုတွေက အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်စေပြီး မိုးကြီးမှု၊ ကမ်းရိုးတန်းဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်လာစေပါတယ်။ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုအတွင်း ပါကစ္စတန်နိုင်ငံမှာ လူပေါင်း ၁,၇၀၀ ကျော် သေဆုံးခဲ့ရသလို လူ ၃၃ သန်း အပေါ် သက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ အပူလှိုင်းဖြတ်မှုနဲ့ ဆက်နွယ်ပြီး လူ ၂၄,၀၀၀ ကျော်ထိ သေဆုံးခဲ့ရပါတယ်။
ဥရောပနိုင်ငံတွေမှာလည်း ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုတွေနဲ့ ပိုရင်ဆိုင်လာနေရပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ စပိန်နိုင်ငံအရှေ့ပိုင်း ရေကြီးမှုကတော့ တော်တော်လေး ဆိုးရွားပြင်းထန်ပါတယ်။ ရေဘေးဒဏ် အဆိုးရွားဆုံး ခံခဲ့ရတာက ဗလင်စီယာ (Valencia) ဒေသေဖြစ်ပြီး သေဆုံးသူ ၂၀၀ ကျော်ထိ ရှိခဲ့ပါတယ်။ အဲဒီ ဗလင်စီယာဒေသမှာ ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ တစ်နှစ်ပတ်လုံး ရွာသွန်းတဲ့ ပမာဏနဲ့ ညီမျှခဲ့လို့ ရုတ်တရက်ရေကြီးမှုမှာ လူအသေအပျောက် များပြားခဲ့ရတာပါ။ ဒါအပြင် ၂၀၂၄ ခုနှစ် စက်တင်ဘာလကလည်း “ဘောရစ်” (Boris) မုန်တိုင်းကြောင့် ချက်သမ္မတနိုင်ငံ၊ ဩစတြီးယား၊ ပိုလန်၊ ရိုမေးနီးယား၊ ဂျာမနီနဲ့ ဟန်ဂေရီနိုင်ငံတွေမှာ ရေကြီးမှုတွေ ဖြစ်ခဲ့ရပါသေးတယ်။

ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ဖို့ ရာသီဥတုဆိုင်ရာ ညီလာခံတွေ ကျင်းပခဲ့ရာမှာ COP လို့ ခေါ်တဲ့ (Conference of Parties) COP 29 ညီလာခံကို အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီညီလာခံကနေ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဘယ်လောက် အထိ လက်တွေ့ကျကျ ဆုံးဖြတ် လုပ်ဆောင်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ ရုပ်ကြွင်းလောင်စာတွေ ဖြစ်တဲ့ ရေနံ၊ ကျောက်မီးသွေး အပါအဝင် ထင်း၊ ဝါး အသုံးပြုမှုတွေကို လျှော့ချနိုင်ဖို့ ဆိုတာ နိုင်ငံတစ်ခုတည်းက လုပ်ဆောင်လို့ မရဘဲ ကမ္ဘာ့နိုင်ငံအားလုံး ပါဝင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အရေးကြီးတာက နယ်စည်းမခြား ဖြစ်ပေါ်လာနေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အဖြေတစ်ခု ရှိပြီး နိုင်ငံအားလုံး လိုက်နာဆောင်ရွက်ရမယ့် ဆုံးဖြတ်ချမှတ်နိုင်ရေး ကမ္ဘာ့နိုင်ငံအားလုံး လက်တွဲကြိုးစားရမှာ ဖြစ်သလို လူသားတွေ မှီတင်းနေထိုင်တဲ့ ကမ္ဘာကြီးလုံခြုံဖို့ အတွက် လူသားအားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးတို့ကို
အချိန်မနှောင်းခင် လုပ်ဆောင်သွားရမှာ ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။

သွေး (စစ်ကိုင်း)

Related posts

Leave a Comment

VOM News

FREE
VIEW