နိုဝင်ဘာ ၈ – ၂၀၂၄
GG (VOM)
ပုဂံနဲ့ေညာင်ဦးကို အလည်အပတ်လာတဲ့ အမျိုးသားလူငယ် ၇ ယောက်ကို သူတို့တည်းတဲ့ ဟိုတယ်ရဲ့မန်နေဂျာအပါအဖွဲ့က ဝိုင်းရိုက်လို့ တယောက်သေပြီး လေးယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ် ။
ခရီးသွားလူငယ်အဖွဲ့ကို ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ဟိုတယ်က ပုဂံညောင်ဦး ၊ ရွှေစည်းခုံဘုရားအနီး၊အမှတ် ၇ ၊ ဝက်ကြီးအင်းရပ်က River House Hotel ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့ညမှာ ဟိုတယ်မန်နေဂျာအပါ အဖွဲ့က ရိုက်နှက်ခဲ့ကြတာဖြစ်တယ်လို့ အရိုက်ခံရပြီးသေဆုံးသွားသူရဲ့အကိုက ပြောဆိုထားပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့ညက ဟိုတယ်ရဲ့မြစ်ကမ်းနံဘေးမှာ ခရီးသွားအမျိုးသားလူငယ် ၇ ယောက်အဖွဲ့ဟာ bluetooth box ဖွင့်ပြီး သီချင်းသီဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောဆို အချင်းများပြီးနောက် လူငယ် ၅ ယောက်က အခန်းကိုပြန်လာချိန်မှာ အရိုက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
” ဟိုတယ်မှာ ၃ရက် ည ၁၁နာရီ ဝန်းကျင်ခန့်က ကျွန်တော်ရဲ့ညီလေး မောင်ရဲထက်နိုင် ကို ဟိုတယ်မန်နေဂျာနဲ့ အပေါင်းအပါလူ၁၀ယောက်ထက်မနည်း လူတစုက ဝိုင်းဝန်းရိုက်သတ်ခဲ့ကြပါတယ်။ ဖြစ်စဥ်ဖြစ်တဲ့နောက်ဆုံးညကကျွန်တော့ညီ မောင်ရဲထက်နိုင်အပါအဝင် သူငယ်ချင်းအားလုံး၇ယောက် bluetooth ဘောက်ဖွင့်ပြီးသီချင်းဆိုကြပါတယ်။လူငယ်သဘာဝသောက်စားထားကြတာလဲရှိပါတယ်။ ဟိုတယ်ကအသံတိုးပေးဖို့ပြောလို့ တိုးပေးတယ်။ နောက်တော့မြစ်ကမ်းဘေးကိုဆင်းပြီး သီချင်းသွားဆိုကြတယ်လိုသိရတယ်။ဟိုတယ်ကို၅ယောက်ကရှေ့ကအရင်ပြန်ဝင်လာခဲ့ပါတယ်။ အခန်းဝရောက်တဲ့အချိန်မှာ နောက်က မန်နေဂျာအပါအဝင် လူ၁၀ယောက်ထက်မနည်းက သံတုတ်၊ ပိုက်ကိုက်၊ ဂွကြီးများဖြင့် ဝင်ရိုက်ကြပါတယ်။ ရဲထက်နိုင်ကစရိုက်ထဲကသတိမေ့သွားပြီလို့သိရပါတယ်။” လို့ သေဆုံးသူ မောင်ရဲထက်နိုင်ရဲ့အကိုကပြောဆိုထားပါတယ်။
အဆိုပါ လူငယ် ၅ ယောက်ကို ဝိုင်းဝန်းရိုက်နှက်ပြီး အခန်းထဲကပေးမထွက်ကြောင်း၊ကမ်းခြေမှာကျန်ခဲ့ပြီး လွတ်မြောက်သွားသူ လူငယ်တွေက ရဲစခန်းကိုအကြောင်းကြားပြီး လာရောက်ကယ်ထုတ်မှသာ ထုတ်ပေးပြီးဆေးရုံကိုပို့ခွင့်ရခဲ့တာဖြစ်တယ်လို့ အကိုဖြစ်သူက ထပ်မံပြောဆိုထားပါတယ်။
” ကျန်လေးယောက်ကလဲ ၁နာရီကျော်လောက် အပြင်းအထန်အရိုက်ခံနေရပါတယ်။ ၃ယောက်က ရဲထက်ကိုဖက်ပြီး ကျွန်တော့သူငယ်ချင်းမရတော့ဘူးတောင်းပန်ပါတယ် ဆေးရုံပို့ပါရစေပြောတာကို မင်းတို့ကောင်တွေ အဲ့ဒီထဲမှာသေကြဆိုပြီး ဆက်တိုက်ရိုက်နေတာပါ။ အပေါက်ဝမှာ မေ့နေတဲ့ကျွန်တော့ညီကိုလဲ ဝင်လိုက်ထွက်လိုက် ခေါင်းကိုရိုက်လိုက် ခြေထောက်ကိုရိုက်လိုက်နဲ့ ရက်ရက်စက်စက် လုပ်ခဲ့ကြတာပါ။ ကမ်းစပ်မှာကျန်ခဲတဲ့ညီလေး၂ယောက်က အသံတွေကြားလို့တက်လာတာတွေ့တော့ သူတို့ကို လိုက်ရိုက်ကြပါတယ်။ မြစ်ကမ်းတလျောက်ပြေးရင်း တစ်ယောက်ကတော့ပြေးရင်းခြေထောက်ညှောင့်ဆူးသွားပါတယ်။ ခြုံတခုထဲဝင်ပုန်းနေခဲ့ရပါတယ်။ ပြီးမှ ရဲစခန်းကိုသွားရဲခေါ်ပြီး လိုက်လံဖမ်းစီးခဲ့ပါတယ်။ မန်နေဂျာအပါအဝင် ၇ယောက်ဖမ်းစီးမိပြီး ကျန်သူများလွတ်နေပါသေးတယ်။ ဘာလို့လုပ်တာလဲမေးတော့ ကြည့်မရလို့လုပ်တာလို့ပဲပြောပါတယ်။” လို့ပြောပါတယ်။
အရိုက်ခံရတဲ့ ၅ ယောက်ထဲက မောင်ရဲထက်နိုင် ကဦးခေါင်းကြေမွ၊ ခန္ဓာကိုယ်ပွန်းပဲ့၊ ညာခြေထောက်ကျိုး ဒဏ်ရာနဲ့သေဆုံးခဲ့ပြီး ဒီနေ့နိုဝင်ဘာလ ၈ ရက်နေ့မှာပဲ ထိန်ပင်သုဿန်မှာ သဂြိုလ်ခဲ့တယ်လို့ဆိုပါတယ်။
နောက်ထပ်ဒဏ်ရာရတဲ့ သူတွေက ဝေယံထွန်းကခေါင်း၄ချက်၊ ခန္ဓာကိုယ်ပွန်းပဲ့ပြီး ထက်လွင်အောင်(သားထက်)ကခေါင်း ၇ ချက်၊မျက်ခုံး၄ချက်နဲ့ခန္ဓာကိုယ်ပွန်းပဲ့ရရှိခဲ့ကာ မင်းခန့်ဟိန်းက ခေါင်း ၁၆ချက်၊ ခန္ဓာကိုယ်နှင့်ခြေထောက် ထိခိုက်ပွန်းပဲ့ပြီး ဇော်မင်းထွန်းမှာခေါင်း၂၅ချက်၊ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ဆိုပါတယ်။
ဟိုတယ်မှာတည်းခိုရင်း အရိုက်ခံခဲ့ရပြီး လူသေဆုံးတဲ့အထိဖြစ်ခဲ့ရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး ညောင်ဦး မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူက
” အမှုဖွင့်ထားတယ်ဆိုတာပြောလို့ရပါတယ် မှန်ပါတယ်။ဖြစ်စဥ်ဖြစ်တယ်ဆိုတာမှန်ပါတယ်။ ကျန်တာတွေကပြောလို့မရသေးဘူးတင်ပြထားဆဲဆိုတော့လေ။အဖြေအတိအကျရပြီဆိုရင်တော့ကျွန်တော်တို့ပြောပါ့မယ်။” လို့ ပြောပါတယ်။
ဟိုတယ်မှာ တည်းခိုသူခရီးသွားတွေကို ရိုက်နှက်ခဲ့တဲ့ ဟိုတယ်မန်နေဂျာအပါအဝင် လူ ၇ ယောက်ကိုဖမ်းမိထားကြောင်းသေဆုံးသူရဲ့အကိုကပြောဆိုထားပြီး ရဲစခန်းကဘက်ကတော့အတည်ပြုဖြေကြားခြင်းမရှိသေးပါဘူး။
ဟိုတယ်မှာတည်းခိုစဥ် အရက်သောက်စားမူးယစ်ပြီး bluetooth box ဖွင့်ကာသီချင်းအော်ဟစ်ဆိုသူဖြစ်ပါစေ လူသေစေလောက်တဲ့အထိ အုပ်စုဖွဲ့ရိုက်နှက်မှုက မဖြစ်သင့်ကြောင်းနဲ့ လူမိုက်ဆန်တဲ့လုပ်ရပ်သာဖြစ်လို့ ထိရောက်တဲ့အရေးယူမှုလုပ်ဖို့လိုအပ်ကြောင်း ပြည်သူတွေက ပြောဆိုနေပါတယ်။
” ဘယ်လိုပဲ မူးနေပါစေ နောက်ဆုံးမချေမငံပြောလို့ရမ်းကားနေရင်တောင် ခုလိုဝိုင်းရိုက်ဖို့မလို့ပါဘူး။ဥပဒေမဲ့စွာ လူသေလောက်တဲ့အထိရိုက်နှက်လို့လည်းမရပါဘူး။ နောက်ဆုံးအဆင့်ရဲကိုခေါ်ပြီးဖမ်းခိုင်းတောင်ရပါတယ်။ အခုကသူတို့ကအုပ်စုဖွဲ့ တမင်လုပ်တဲ့ပုံဖြစ်နေတယ်။ ဒါမျိုးထိထိရောက်ရောက်အရေးယူရမှာပါ။ အဲဒီဟိုတယ်ကိုပါပိတ်ရမယ်။” လို့ ပြောဆိုပါတယ်။
အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး River House hotel ဘက်ကို VOM အနေနဲ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းတွေစက်ပိတ်ထားသလို ဟိုတယ်ရဲ့ဖေ့ဘုတ်စ်စာမျက်နာကိုလည်း ဖြုတ်ချလိုက်တာကြောင့်ရှာမတွေ့တော့တဲ့အတွက် ဆက်သွယ်မေးမြန်းလို့မရခဲ့ပါဘူး။