နိုဝင်ဘာ ၁၄ – ၂၀၂၄
SS (VOM)
စစ်မှုထမ်းဖို့အတွက် ပြည်ပရောက် အလုပ်သမားတွေကို ပြန်ခေါ်မပေးနိုင်တဲ့ အေဂျင်စီတွေကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေဆီ အကြောင်းကြားစာ ပေးပို့ထားပါတယ်။
အခု ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီညွှန်ကြားစာကို အလုပ်သမားဝန်ကြီးဌာနကအေဂျင်စီတွေအားလုံးထံ အခုရက်ပိုင်းအတွင်း တရားဝင်ပေးပို့ အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။
အခုလို အခြေအနေတွေကြောင့် ပြည်ပကို လုပ်သားစေလွှတ်လျက်ရှိတဲ့ အေဂျင်စီတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး တချို့မှာ အလုပ်လက်ခံခြင်း မရှိတော့ဘဲ အလုပ်သမားဦးရေ လျှော့ချလာတာတွေ ရှိနေတယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
“ဒါက ကျွန်တော်တို့အတွက် အင်မတန်ကိုမှ ဖိအားများတဲ့ကိစ္စပါ။ မိသားစုဆီ တရားဝင် ငွေလွှဲဖို့ ကိစ္စကိုတောင် အဆင်ပြေအောင် မစည်းရုံးနိုင်တာ၊ အခု လူပါ ပြန်ခေါ်ပေးရမယ်ဆိုတော့ ပြန်မလာချင်တဲ့သူတွေကို အတင်းပြန်ခေါ်ဖို့ကျတော့ ပိုခက်သွားပြီလေ။ ဘယ်လိုလုပ်မလဲ။ ကိုယ့်တာဝန်မဟုတ်တာကို တာဝန်ယူခိုင်းတာကြီးက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ကျွန်တော်တို့ အခက်အခဲတွေကို သက်ဆိုင်ရာလူကြီးတွေကို ပြန်တင်ပြထားပေမယ့်လည်း အခြေအနေက မထူးဘူးဖြစ်နေတယ်။ ဒီဥပဒေက စီမံချက်ပုံစံမျိုး ဖြစ်နေတော့ အဆင်မပြေဘူး” လို့ အေဂျင်စီလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်ကြမယ့် မြန်မာလုပ်သားတွေအနေနဲ့ ပြည်ပကိုမထွက်ခွာခင် အေဂျင်စီနဲ့ စာချုပ် ချုပ်ဆိုရတာမှာ ပြည်ပကရရှိတဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် သတ်မှတ်ထားတဲ့ ဘဏ်တွေကတဆင့် ပြည်တွင်းကို ပြန်လည် လွှဲပြောင်းဖို့၊ အခွန်ဆောင်ဖို့၊ သုံးနှစ်ပြည့်ပြီးပါက စစ်မှုထမ်းဆောင်ဖို့ မြန်မာပြည်ကို ပြန်လာရမယ် ဆိုတဲ့ အချက်တွေကို ထည့်သွင်းထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
အကယ်၍ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေက သုံးနှစ်ပြည့်တဲ့တိုင် စစ်မှုထမ်းဖို့ ပြန်မလာရင်တော့ ပြည်ပကို ပို့ဆောင်ပေးခဲ့တဲ့ အေဂျင်စီတွေက တာဝန်ယူရမှာဖြစ်ပြီး သုံးနှစ်ပြည့် အလုပ်သမားတွေကို ပြည်တော်ပြန် စစ်မှုထမ်းဖို့ ခေါ် ဆောင်မပေးနိုင်ပါက ဒဏ်ကြေးဆောင်ခိုင်းခြင်း၊ အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့ခြင်းနဲ့ အေဂျင်စီလိုင်စင် ပိတ်သိမ်းခြင်း၊ အမည်ပျက်စာရင်း ကြေညာခြင်း စတဲ့ အရေးယှုမှု အဆင့်ဆင့်ကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“စစ်မှုထမ်းဖို့အတွက် အိမ်ကို ဆင့်ခေါ်စာ ရောက်လာတဲ့အချိန် လူမရှိရင် စာချုပ်ပြည့်တာနဲ့ အေဂျင်စီက ပြန်ခေါ်ပေးရမယ်လို့ ပြောထားတာ။ မဖြစ်နိုင်တဲ့ကိစ္စကို တာဝန်ယူခိုင်းတာ။ ၂၅ ရာခိုင်နှုန်း လွှဲခိုင်းတဲ့ကိစ္စကတည်းက ကျွန်တော်တို့အေဂျင်စီတွေ အဆင်မပြေတော့တာလေ။ ကျွန်တော့်အတွက်ကတော့ ဒီအေဂျင်စီလုပ်ငန်း လုပ်လာတဲ့သက်တမ်းတလျှောက် အခက်အခဲဆုံး ကာလတွေပဲ။ တခါမှ မလုပ်ဖူးတာတွေ၊ ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ လုပ်ရလိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မထင်ထားတာတွေ လုပ်နေရတာ။ ဒီအတိုင်းဆက်သွားရင် လုပ်ငန်းရပ်လိုက်ရဖို့ပဲ ရှိတော့တယ်” လို့ နောက်ထပ် အေဂျင်စီလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒါအပြင် လက်ရှိ ပြည်ပကို အလုပ်သမား စေလွှတ်နေတာမှာ အသက် ၂၂ နှစ်မှ ၃၂ နှစ်ကြားရှိ အမျိုးသားတွေကို ခေါ်ယူခွင့် မရှိတော့တဲ့အတွက် အလုပ်သမား ရှားပါးမှုလည်း ဖြစ်လာတယ်လို့ သူက ပြောပါတယ်။
“တချို့နိုင်ငံတွေရဲ့ အလုပ်သမားအသက် သတ်မှတ်ချက်က ၃၅ နှစ်အထိပဲ ရတယ်။ ဒီမှာက ၃၂ ဆို ပြည်ပထွက်လို့ မရဘူး။ အဲဒီတော့ ကြာလာတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ လုပ်သားရှားလာတယ်။ တရားဝင်သွားနိုင်မယ့် အလုပ်သမားက မရှိသလောက် ဖြစ်လာတယ်။ တရားမဝင်လမ်းကြောင်းက ပိုအလုပ်ဖြစ်လာတယ်။ ကျွန်တော်တို့လုပ်ငန်းတွေ ထိခိုက်တာပေါ့။ ဒီလို အခက်အခဲတွေ ကြားထဲကကိုမှ တခါ ၂၅ ရာခိုင်နှုန်း၊ နောက်တခါ စစ်မှုထမ်းပြန်ခေါ် ဆိုတော့ အကုန်ဒုက္ခရောက်တာပဲ” လို့ နောက်ထပ် ပြည်ပအလုပ်အကိုင် အကျိုးဆောင်တယောက်က ပြောပါတယ်။
အေဂျင်စီတွေအနေနဲ့ လက်ရှိမှာ ပြည်ပရောက် အလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း လွှဲပို့ငွေစာရင်းအတွက်ကိုလည်း တာဝန်ယူထားရတာဖြစ်ပြီး သတိမှတ်ကာလအတွင်း စာရင်းတင်ပြနိုင်ခြင်း မရှိပါက အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်တွေ ဆိုင်းငံ့တာ၊ အလုပ်ခေါ်စာ အသစ်တင်ခွင့် ဆိုင်းငံ့တာတွေနဲ့ ဒဏ်ကြေးငွေ တသိန်း ပေးဆောင်စေတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ပြည်ပအလုပ်အကိုင် အေဂျင်စီပေါင်း ၅၀၀ ကျော်ရှိပြီး အဲဒီထဲက အေဂျင်စီ ၃၀၀ နီးပါး ဝင်ငွေစာရင်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသေးဘူးလို့ အလုပ်သမားဝန်ကြီးဌာနက အခု နိုဝင်ဘာလဆန်းပိုင်းက ထုတ်ပြန်ထားပါတယ်။
Photo:CJ
Related posts
-
မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ
ဒီဇင်ဘာ ၁၄ – ၂၀၂၄ SS (VOM) ချင်းပြည်နယ်ရှိ ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ... -
စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတရဲ့တာဝန်တွေကို တောင်ကိုရီးယားလွှတ်တော်က ဆိုင်းငံ့လိုက်ပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၁၄-၂၀၂၄ မျိုးဆက်(VOM) စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ တောင်ကိုရီးယား လွှတ်တော်မှာ... -
ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို ရုရှားက ဒုံးကျည်တွေ ၊ ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ပြန်
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ရုရှားကတော့...