ZY(VOM)
ဒီဇင်ဘာ ၊၇ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ၂၀၀၀ကျော်ကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထားတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေထံကနေ သိရပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူ၍ပြီး မိမိတို့ ကျေးရွာ၊ ရပ်ကွက်တွေမှာ ရောက်ရှိခိုလှုံနေတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းဖို့ ညွှန်ကြားထားတာဖြစ်ပြီး အဲဒီကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်ဘေးရှောင်တွေနဲ့ ရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူကာ ထပ်မံညွှန်ကြားလာတာဖြစ်တယ်လို့ သိရပါတယ်။
“ရပ်ကွက်ရုံးကိုခေါ်ပြီးတော့ ပြောလာတာပါ။ အများစုကတော့ ဒီကဘုန်းကြီးကျောင်းတွေမှာပဲ နေနေကြတာ။ နောက်နှစ် ၃လပိုင်းမကုန်ခင်မှာ အပြီးပြန်ဖို့ပြောလာတယ်။ ၄လလောက်တော့ အချိန်ရသေးတာပေါ့။ ကြားထဲမှာ တိုက်ပွဲပြန်မဖြစ်ဖို့ပဲ ဆုတောင်းရမယ်”လို့ စစ်ဘေးရှောင်တယောက်က VOMကို ပြောပါတယ်။
ညောင်ရွှေမြို့က မြို့မိမြို့ဖတယောက်က “ဒီကိုရောက်နေတာလည်း နှစ်နဲ့ချီကြာနေပြီ၊ ဟိုဖက်မှာလည်း တိုက်ပွဲတွေက ငြိမ်သက်နေပြီဆိုတော့ ကြားထဲမှာ အိမ်ပြန်နေဖို့ စီစဉ်ခိုင်းတဲ့ သဘောပါ။ တချို့ကလည်း ပြန်ဖို့စီစဉ်နေကြပါပြီ။ တချို့ကလည်း အကုန်ပျက်စီးရတဲ့ အိမ်တွေလည်း နည်းတာမဟုတ်ဘူး။ အခုတောင် စားဖို့ မနည်းရုန်းကန်နေရတာလေ”လို့ VOMကို ပြောပါတယ်။
လွိုင်ကော်မြို့မှာ “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် စစ်ဘေးရှောင်အချို့က ဘေးလွတ်ကင်းရာ အခြားမြို့တွေကို ပြောင်းရွှေ့နေထိုင်ခဲ့ရတာဖြစ်ပြီး တိမ်းရှောင်ဖို့ ခက်ခဲနေတဲ့ ပြည်သူတွေကသာ အဲဒီမြို့အနီးတဝိုက်ရှိ တောထဲမှာ တဲထိုးပြီး နေထိုင်နေရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local