ဒီဇင်ဘာ ၇ – ၂၀၂၄
SN (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး လူထိခိုက် သေဆုံးမှုတွေလည်း ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး KIA ပူးပေါင်းတပ်တွေနဲ့ နစကတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကာ ဒေသခံပြည်သူအများအပြား စစ်ရှောင်နေရပြီး မြို့ထဲ ပိတ်မိနေသူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
“မြို့ထဲကလူတွေကတော့ ရသလောက် ထွက်နေကြပါတယ်။ ကျန်နေတဲ့သူတွေလည်း ရှိသေးတယ်။ တိုက်ပွဲက လေကြောင်းပစ်ခတ်မှုတွေလည်း ရှိတယ်။ လူသေဆုံးတာတွေလည်း ရှိနေတယ်။ မနေ့ညက ဖုန်းအဆက်အသွယ် ရတာတော့ မြို့ထဲမှာ KIA တွေက နေရာတော်တော်များများကို ရောက်နေပြီ ပြောတယ်။ မြို့ထဲမှာ နေမကောင်းတဲ့ လူနာလည်း ရှိတယ်။ ပြေးဖို့က မတတ်နိုင်လို့ မြို့ထဲက ဘေးကင်းမယ်ထင်တဲ့နေရာမှာ ရှောင်နေရတယ်” လို့ ဒေသခံတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဗန်းမော်မြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့၊ တိုက်ပွဲဖြစ်ပွားချိန်ကစလို့ လျှပ်စစ်မီး ပြတ်တောက်နေပြီး MPT ဖုန်းလိုင်းတခုတည်းသာ ဆက်သွယ်လို့ရနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှု မရှိစေဖို့ MPT တာဝါတိုင် လည်ပတ်ရေးအတွက် မီးပျက်သွားတဲ့အချိန်ကစလို့ မီးစက်နဲ့ ဆက်လက် လည်ပတ်ပေးခဲ့ပေမယ့် မနေ့ ဒီဇင်ဘာ ၆ ရက်၊ ည ၁၂ နာရီလောက်ကစပြီး မီးစက်အတွက် စက်သုံးဆီကုန်သွားတဲ့အတွက် ဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲစတင်ခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ ဒေသခံပြည်သူ အနည်းငယ်သာ မြို့ထဲမှ တိမ်းရှောင်နိုင်ခဲ့ပေမယ့် မနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ မြို့ထဲမှ ပြည်သူအများအပြား ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့လည်း မြို့ထဲက ထွက်နေကြတဲ့သူတွေရှိတယ်။ အဲဒီလို ထွက်လာလို့ရတဲ့သူတွေလည်း ရှိနေပေမယ့် ထွက်ဖို့မလွယ်တာတွေလည်း ရှိတယ်။ ရေလမ်းကနေ ထွက်ရလို့ လာနေတဲ့သူတွေလည်း ရှိတယ်။ ကားနဲ့ တချို့ ထွက်လို့ရတယ်။ တချို့ကတော့ မရဘူး။ ဆိုင်ကယ်သမားတွေလည်း ဆိုင်ကယ်သော့ သိမ်းခံရတယ်ကြားတယ်။ ကျန်ခဲ့သူတွေအတွက် နှစ်ဖက်ကြား ညပ်မှာကို စိတ်ပူနေရတယ်။ MPT ကလည်း အရင်က လိုင်းက ရတချက်၊ မရတချက်ပေမယ့် ဆက်လို့ရနေသေးတော့ အဆင်ပြေနေသေးတယ်။ အခုတော့ လုံးဝ မရတော့ဘူးဖြစ်နေတယ်” လို့ ဗန်းမော်မြို့ကနေ စစ်ရှောင်လာသူတယောက်က ပြောပါတယ်။
လက်ရှိမှာ KIA ပူးပေါင်းတပ်တွေက မြို့ထဲရှိ နစကရဲ့ ဌာနဆိုင်ရာ ရုံးအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဗန်းမော်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ နစက သတင်းရင်းမြစ်တွေရဲ့ ရေးသားချက်မှာတော့ ဒီဇင်ဘာ ၅ ရက်နေ့၊ မနက်ပိုင်းအချိန်က ဗန်းမော်တက္ကသိုလ်ထဲကို KIA တပ်တွေ လာရောက် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး KIA ဘက်က ပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဗန်းမော်မြို့အနီးရှိ တာမိုင်းလုံရွာဘက်မှာလည်း နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းနဲ့ KIA တို့ အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး KIA အဖွဲ့တွေ ပြန်လည် ဆုတ်ခွာသွားခဲ့တာကြောင့် နယ်မြေရှင်းစစ်ကြောင်းက ထက်ကြပ်မကွာ လိုက်လံ ရှင်းလင်းရာ လက်နက်မျိုးစုံ သုံးလက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့၊ ညနေပိုင်းအချိန်ကလည်း ဗန်းမော်မြို့နယ်ထဲရှိ တပ်ဌာနချုပ်တချို့ကို KIA တပ်တွေက လာရောက်တိုက်ခိုက်လို့ လက်နက်ပစ်ကူယူပြီး ပြန်လည်တိုက်ခိုက်ခဲ့ရသလို ညပိုင်းအချိန်မှာလည်း ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို လာရောက် တိုက်ခိုက်တာရှိပြီး အပြန်အလှန်ပစ်ခတ်ကြကာ KIA ဘက်က ပြန်လည် ဆုတ်ခွာ သွားခဲ့တယ်လို့ ရေးသားထားပါတယ်။
မနေ့ ဒီဇင်ဘာ ၆ ရက်မှာ ဗန်းမော်မြို့နယ်ထဲရှိ ရပ်ကွက်/ကျေးရွာတွေကို KIA က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိနေပြီး ဒေသခံတချို့လည်း တိုက်ပွဲလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ဒါအပြင် မံစီဒေသရှိ တပ်ဌာနချုပ်တချို့ကိုလည်း KIA က လာရောက် တိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီး လက်နက် သုံးလက်နဲ့ ခဲယမ်း/ဗုံးသီး အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ နစက သတင်းရင်းမြစ်တွေက ရေးသား ဖော်ပြထားပါတယ်။
ဒေသတွင်း သတင်းရင်းမြစ်တွေကတော့ မံစီမြို့ဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး နစကတပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ – ၃၁၉၊ ၆၀၁) နဲ့ အမှတ် (၅၂၃) အမြောက် တပ် တပ်ရင်း သုံးခုကိုလည်း KIA ပူးပေါင်းတပ်တွေက တပြိုင်နက်တည်း တိုက်ခိုက်လျက်ရှိတယ်လို့ ဆိုပါတယ်။
Photo:CJ