ဒီဇင်ဘာ ၇ – ၂၀၂၄
SS (VOM)
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းမှာ မနေ့ ဒီဇင်ဘာ ၆ ရက်၊ ညပိုင်းက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ည ၁၀ နာရီဝန်းကျင်လောက်က အသံတွေ ဆက်တိုက် ကြားလိုက်ရတာ။ အသံအား တော်တော်ပြင်းတယ်။ လေတပ်နားမှာလို့ ပြောနေကြတယ်” လို့ မှော်ဘီမြို့နယ်၊ ရေသိုးကျေးရွာမှာ နေထိုင်သူတယောက်က ပြောပါတယ်။
ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီးနောက် နစက လုံခြုံရေးတပ်တွေက လေတပ်အနီးဝန်းကျင်က လမ်းနဲ့ ကျေးရွာတွေကို ပိတ်ဆို့ စစ်ဆေးခဲ့သလို မသင်္ကာသူတွေကိုလည်း ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“အသံက မှော်ဘီ စမ်းချောင်းပေါက်နားထိတောင် ကြားရတယ်။ ကျွန်မတို့ဘက်က ကြားရတာတော့ အသံက သုံးချက်။ နောက်တော့ လမ်းတွေပိတ်ပြီး စစ်တယ်။ လမ်းသွားလမ်းလာတွေကိုလည်း ခေါ်ယူမေးမြန်းတာတွေလုပ်တယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ဒီပစ်ခတ်တိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပြီး Y-12 တိုက်ခိုက်ရေး စစ်လေယာဥ်တွေထားရှိရာ လေယာဥ်ရုံ (Hangar) ကို ပစ်မှတ်ထားပြီး ၁၀၇ (မမ) ရှော့တိုက်ဒုံး ငါးလုံး ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် တိုက်ခိုက်မှုကြောင့် Y8 ထောက်ပို့ စစ်လေယာဥ် တစင်းနဲ့ Y12 တိုက်ခိုက်ရေး စစ်လေယာဥ် တစင်း ထိခိုက်ပျက်စီးခဲ့ပြီး ဂိုဒေါင်၊ ပြေးလမ်းနဲ့ စီမံခန့်ခွဲတဲ့ရုံးတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ BWM အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပြီး နစကဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လက်ရှိ အချိန်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ လေတပ်အတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို VOM အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မှော်ဘီမြို့အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြို့ပြအထူးစစ်ဆင်ရေး Urban Special Operation (U.S.O) က တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ကလည်း မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး နှစ်လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Civilian Military – SRDF အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
Photo:CJ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...