ကိဗ်ယက်၊ ဒီဇင်ဘာ-၉-၂၀၂၄
ရတီ(VOM)
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ချိန်မှစပြီး ယူကရိန်းစစ်သား ၄၃၀၀၀ ကျော်ကျဆုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒါဟာ ယူကရိ်နးစစ်သားတွေ ကျဆုံးမှုနဲ့ပတ်သက်ပြီး သမ္မတဇီလန်စကီးရဲ့ ရှားရှားပါးပါး ထုတ်ဖော်ပြောဆိုမှုဖြစ်ပြီး တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သား သုံးသိန်းခုနှစ်သောင်းကျော်ထိရှိကာ တချို့ကတော့ ဒဏ်ရာနှစ်ကြိမ်ရသူတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ရုရှားဘက်ကတော့ စစ်သား ၁၉၈၀၀၀ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၅၅၀၀၀၀ ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။ ဒါပေမယ့် သေဆုံးမှုတွေနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ နှစ်နိုင်ငံစလုံးဟာ တဖက်နိုင်ငံရဲ့ ဆုံးရှုံးမှုတွေကို ပုံမှန်ခန့်မှန်းထုတ်ပြန်နေပေမယ့် သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်လေ့မရှိကြပါဘူး ။
ရုရှားဟာ နိုဝင်ဘာတလတည်းမှာပင် စစ်သား ၄၅၆၈၀ ယောက် သေဆုံး၊ ဒဏ်ရာရမှုတွေဖြစ်ပွားခဲ့ပြီး ဒါဟာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်တယ်လို့ ဗြိတိန်စစ်ထောက်လှမ်းရေးက ဆိုပါတယ်။ နောက်ဆုံးခန့်မှန်းချက်တွေအရ ရုရှားစစ်သား၁၅၂၃ ယောက်ဟာ နေ့စဉ် သေဆုံးသို့မဟုတ် ဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ယူကရိန်းစစ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး သမ္မတဇီလန်စကီးရဲ့ နောက်ဆုံးထုတ်ပြန်ချက်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကဖြစ်ပြီး စစ်သည်သုံးသောင်းကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး လက်ရှိကိန်းဂဏန်းဟာ ယူကရိန်းစစ်သားတွေ သေဆုံးမှု သိသိသာသာ တိုးပွားလာတာလည်းဖြစ်ပါတယ်။
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကတော့ စစ်ပွဲမှာ ယူကရိန်းစစ်သား လေးသိန်းနဲ့ ရုရှားစစ်သား ခြောက်သိန်းနီးပါး သေဆုံးဒဏ်ရာရခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပေမယ့်လည်း အချက်အလက်တွေ ဘယ်ကရရှိတယ်ဆိုတာ မပြောပါဘူး။
ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုကြောင်း ရှင်းလင်းစွာပြောဆိုထားတဲ့ ဒေါ်နယ်ထရန့်ကတော့ ယူကရိန်းစစ်ပွဲဟာ အသက်တွေကို အလဟသဖြုန်းတီးနေတာလို့ ဝေဖန်ပြောဆိုထားပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...