ဒီဇင်ဘာ ၉ – ၂၀၂၄
SS (VOM)
ဒီတပတ်မှာတော့ ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ အကျဘက်မှာ ငြိမ်နေခဲ့တာပါ။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း အလှုပ်အခတ်မရှိခဲ့ဘဲ ကျပ် ၄၀၀၀ ကျော်ဝန်းကျင်မှာ တပတ်လုံး ရှိနေခဲ့ပါတယ်။
စက်သုံးဆီတွေကတော့ ဒီတပတ်မှာ ၉၂ ဓာတ်ဆီအမျိုးအစား တမျိုးလောက်သာ ဈေးထပ်တက်လာတာကို တွေ့ရပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ တချို့ ကုန်စည်ဈေးတွေ အတက်ဘက်ကို ဆက်သွားနေပြီး တချို့ကုန်စည်တွေကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။
#ပြည်တွင်းရွှေဈေးနှုန်း
ပြည်တွင်းရွှေဈေးကတော့ ပြီးခဲ့တဲ့တပတ်ကစလို့ ကျပ် ၆၂ သိန်းဝန်းကျင်နဲ့ ဈေးကျဆင်းလာတာ ဖြစ်ပါတယ်။ ဒီတပတ်မှာလည်း ဈေးဆက်ကျနေပြီး ကျပ် ၆၁ သိန်းကျော်ဝန်းကျင်မှာ တောက်လျှောက် ရှိနေခဲ့ပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် (တနင်္လာနေ့) မှာ တကျပ်သား ၆၃ သိန်းဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတပတ် ဒီဇင်ဘာ ၂ ရက် (တနင်္လာနေ့) မှာတော့ ကျပ် ၆၁ သိန်းဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့တာကြောင့် ကျပ် နှစ်သိန်းဝန်းကျင် ဈေးကွာဟ ကျဆင်းလာတာကို တွေ့ရပါတယ်။
“ရွှေဈေးက အကျဘက်မှာ ငြိမ်နေတယ်ပြောရမယ်။ ကမ္ဘာ့ဈေးနဲ့ ဒေါ်လာဈေးကလည်း ငြိမ်နေတယ်လေ။ ကျွန်တော့်အထင် ပြောရရင်တော့ ဒီဈေးတန်းကနေ လောလောဆယ် ဆက်ကျဖို့မရှိလောက်သေးဘူး။ ဒီအတိုင်းပဲ ဆက်သွားနိုင်တယ်။ ထိပ်စီး မပြောင်းနိုင်လောက်သေးဘူးပေါ့။ ဝယ်မယ့်သူတွေ၊ ရောင်းမယ့်သူတွေအတွက်ကတော့ အတော်ကိုဝေဝါးတဲ့ ကာလပါပဲ။ ဈေးကွက်လည်း အေးနေတယ်။ အရောင်းအဝယ်တွေလည်း မကောင်းကြဘူး” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့တပတ် နိုဝင်ဘာ ၂၅ ရက်က တအောင်စ ဒေါ်လာ ၂၇၀၀ ဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပြီး ဒီတပတ် ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ တအောင်စ ၂၆၂၉ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ကာ တပတ်အတွင်း တအောင်စ ၇၁ ဒေါ်လာ ကျဆင်းလာတာကို တွေ့ရပါတယ်။
#နိုင်ငံခြားငွေလဲဈေးနှုန်း
နိုင်ငံခြား ငွေကြေးဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေးဟာ တပတ်တာလုံး တဒေါ်လာ ကျပ် ၄၄၀၀ ကျော်ဝန်းကျင်မှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်ငွေတွေ တောက်လျှောက် ထုတ်ရောင်းပေးနေပေမယ့် ငွေလဲဈေးက ကျဆင်းမလာပါဘူး။
ဗဟိုဘဏ်အနေနဲ့ အွန်လိုင်းငွေကြေးဈေးကွက် (FX Trading Platform) ကနေ ဒီဇင်ဘာ ၂ ရက်နေ့မှာ အမေရိကန် တဒေါ်လာ ၃၅၈၅ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ ၃၈ သန်းကျော်၊ တရုတ် တယွမ်ကို ၅၃၃ ဒသမ ၆၀ ကျပ်နှုန်းနဲ့ ၁ ဒသမ ၄၈ သန်းကျော်၊ ထိုင်း တဘတ်ကို ၁၂၉ ကျပ်နှုန်းနဲ့ ၁၀၇ သန်းကျော် ရောင်းချပေးခဲ့တယ်လို့ ကြေညာထားပါတယ်။
ဒါအပြင် ဒီဇင်ဘာ ၃ ရက်ကနေ ၆ ရက်နေ့အထိ လေးရက်ဆက်တိုက် တရုတ် တယွမ်ကို ၅၃၃ ဒသမ ၆၀ ကျပ်နှုန်းနဲ့ စုစုပေါင်း ယွမ် ၅ ဒသမ ၅ သန်းခန့် ထပ်မံထုတ်ရောင်းထားခဲ့သလို ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း အမေရိကန် တဒေါ်လာ ၅၃၅၈ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ ၁၅ သန်းနဲ့ ထိုင်း တဘတ်ကို ၁၂၉ ကျပ်နှုန်းနဲ့ သန်း ၂၀၀ ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ငွေလဲဈေးတွေကတော့ အပြောင်းအလဲ သိပ်မရှိခဲ့ဘဲ အမေရိကန်ဒေါ်လာဈေးသာ အနည်းငယ် ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ကန်ဒေါ်လာဈေးဟာ ဒီဇင်ဘာ ၈ ရက်နေ့မှာ တဒေါ်လာ ၄၄၅၀ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ပြီးခဲ့တဲ့တပတ် ဒီဇင်ဘာ ၁ ရက်နေ့ ဈေးနှုန်းထက် ဒေါ်လာ ၂၀ ကျပ်လောက်သာ ကျဆင်းလာတာဖြစ်ပါတယ်။
တခြား ငွေလဲဈေးတွေကတော့ အရင်တပတ် ဈေးနှုန်းအတိုင်းသာ ရှိနေပြီး ထိုင်းဘတ် ၁၃၀ ဝန်းကျင်၊ တရုတ်ယွမ် ၆၂၀ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၃ ဝန်းကျင်မှာသာ ရှိနေဆဲဖြစ်ပါတယ်။
#စက်သုံးဆီဈေးနှုန်း
ဒီတပတ် စက်သုံးဆီဈေးကတော့ ရန်ကုန်ဈေးကွက်မှာ ၉၂ ဓာတ်ဆီ တမျိုးသာ ဈေးထပ်တက်လာပါတယ်။ ပရီမီယံဒီဇယ်နဲ့ ရိုးရိုးဒီဇယ်ဈေးကတော့ ကျလာပြီး ၉၅ ဓာတ်ဆီကတော့ အရင်တပတ်ဈေးနှုန်းအတိုင်း ရှိနေတာပါ။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီဇင်ဘာ ၆ ရက်နေ့ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၀၆၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၈၀ ကျပ်၊ ဒီဇယ် တလီတာ ၂၆၃၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၂၇၅ ကျပ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ကတော့ ရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၃၀၁၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၈၀ ကျပ်၊ ဒီဇယ် တလီတာ ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၂၉၀ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၅၀ ကျပ်ဝန်းကျင်နဲ့ ဈေးထပ်တက်လာတာကို တွေ့ရပါတယ်။ ဒီဇယ် တလီတာ ၂၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၁၅ ကျပ်နဲ့ ဈေးပြန်ကျလာပါတယ်။ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း ၉၂ ဓာတ်ဆီ တမျိုးတည်းသာ ဈေးထပ်တက်နေပြီး ၉၅ အပါအဝင် တခြား စက်သုံးဆီဈေးတွေကတော့ ကျဆင်းနေပါတယ်။
#အခြေခံစားသောက်ကုန်ဈေးနှုန်း
ဒီတပတ် အခြေခံစားသောက်ကုန် ဈေးကွက်မှာလည်း ကုန်စည်အများစုက ဈေးထပ်တက်နေတာပါတယ်။ စားသုံးဆီ ဈေးကွက်ထဲမှာလည်း ရည်ညွှန်းဈေး ဆက်လက် မြင့်တက်လာပြီး ပြင်ပပေါက်ဈေးဟာလည်း အမြင့်ဈေးနဲ့သာရှိနေပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်နေ့အထိ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာ စားဆီ တပိဿာ ၇၃၀၅ ကျပ်ဖြစ်ပြီး အရင်တပတ်ကထက် ၂၅ ကျပ် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။
ပြင်ပဈေးကွက်ရဲ့ စားဆီဈေးကတော့ ကျပ် တသောင်းသုံးထောင်ဝန်းကျင်ဈေး ရှိနေတာပါ။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကတော့ ထပ်တက်နေပြီး ကျပ် ၈၀၀၀ ဖြစ်လာကာ အရင်တပတ်ကထက် ကျပ် ၄၀၀ ထပ်မံ မြင့်တက်လာတာဖြစ်ပါတယ်။
အဲဒီလိုပဲ ဆန်ဈေးနှုန်းတွေဟာလည်း အမြင့်ဈေးမှာပဲ ရှိနေပြီး ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ရက် (၉၀) ထူးရှယ် တအိတ် တသိန်းရှစ်ထောင်ကျပ်၊ ပုသိမ်ဆင်းသုခ တအိတ် ရှစ်သောင်းရှစ်ထောင်ကျပ်ဝန်းကျင် ရှိနေပါတယ်။ ဆန်ချောကတော့ ဧရာပေါ်ဆန်း (ထူးထူးရှယ်) တအိတ် တသိန်းရှစ်သောင်းကျပ်၊ ပုသိမ်ပေါ်ဆန်းမွှေး တအိတ် ကျပ် တသိန်းခွဲဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် ကြက်ဥ၊ ဘဲဥဈေးတွေဟာလည်း အမြင့်ဈေးမှာပဲ ရှိနေပြီး ကြက်ဥ အရွယ်အစားအလိုက် တလုံးကို ကျပ် ၄၀၀ ၊ ၄၅၀ ၊ ၅၀၀ ကျပ်ဝန်းကျင် ရှိနေပါတယ်။ အဲဒီလိုပဲ ဘဲဥဈေးဟာလည်း အရွယ်အစားအလိုက် ၅၅၀ ၊ ၆၀၀ ၊ ၆၅၀ ၊ ၇၀၀ ကျပ်ဈေးတွေအထိ ရှိနေပါတယ်။
ရပ်ကွက်ဈေးတွေမှာ အာလူးဈေးတွေက ပုံမှန်အမြင့်ဈေးအတိုင်း ရှိနေပြီး ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေက ဈေးမြင့်တက်နေပါတယ်။ အာလူး တပိဿာ ကျပ် တသောင်း နှစ်ထောင်ဈေးမှာ အရင်အတိုင်းရှိနေပြီး ကြက်သွန်နီဈေးကတော့ အမျိုးအစားအလိုက် တပိဿာ ၅၅၀၀ – ၆၀၀၀ ကျပ်နဲ့ ဈေးမြင့်တက်နေပါတယ်။ ကြက်သွန်ဖြူဈေးကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် နှစ်သောင်းခွဲကနေ ကျပ် သုံးသောင်းဈေး ဖြစ်လာပါတယ်။
ကုန်စိမ်းဈေးကွက်မှာတော့ တချို့အသီးအရွက်တွေက ပုံမှန် အမြင့်ဈေးအတိုင်း ရှိနေပြီး တချို့ကတော့ ဈေးပြန်ကျနေပါတယ်။ ဂေါ်ဖီထုတ် တထုပ် ၂၅၀၀ – ၃၀၀၀ ကျပ်၊ ဟင်းနုနွယ်ရွက် တစည်း ၅၀၀ ကျပ် ရှိနေပါတယ်။ တရုတ်ကန်စွန်းရွက် တစည်း ၈၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၄၀၀ ကျပ်၊ ဂေါ်ဖီထုပ် တထုပ် ၃၀၀၀ – ၃၅၀၀ ကျပ်နဲ့ ဈေးကျနေပါတယ်။
ခရမ်းချဉ်သီးဈေးကတော့ ပြန်တက်လာပြီး တပိဿာ ကျပ် တသောင်းဈေး ရှိနေပါတယ်။ အလားတူ ငရုတ်သီးစိမ်းဈေးကလည်း တပိဿာ ကျပ် ၈၀၀၀ နဲ့ ဈေးတက်နေပါတယ်။
ရပ်ကွက်ဈေးတွေမှာ တချို့ငါးဈေးတွေနဲ့ ပုစွန်ဈေးတွေ မြင့်တက်လာပါတယ်။ ငါးမြစ်ချင်း တပိဿာ တသောင်းနှစ်ထောင်ကျပ်၊ ငါးကြင်း တပိဿာ နှစ်သောင်းသုံးထောင်ကျပ် ရှိနေပါတယ်။ ပုစွန်တွေကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် သုံးသောင်းခွဲကနေ ကျပ် ခြောက်သောင်းအထိ ဈေးမြင့်တက်နေပါတယ်။
အသားဈေးကွက်မှာတော့ ကြက်သားက ပုံမှန်အမြင့်ဈေးအတိုင်း ရှိနေပြီး ဝက်သားဈေးက ထပ်တက်လာပါတယ်။ ကြက်သား တပိဿာ ကျပ် နှစ်သောင်းဈေးရှိပြီး ဝက်သားဈေးကတော့ တပိဿာ ကျပ် သုံးသောင်းခြောက်ထောင်ဈေး ရှိနေပါတယ်။
အမဲသားကတော့ တပိဿာ ကျပ် နှစ်သောင်းခွဲနဲ့ ဈေးကျနေပါတယ်။ ဆိတ်သားကတော့ တပိဿာ ကျပ် သုံးသောင်းလေးထောင်နဲ့ ဈေးထပ်တက်လာပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။
Photo:CJ
Related posts
-
မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ
ဒီဇင်ဘာ ၁၄ – ၂၀၂၄ SS (VOM) ချင်းပြည်နယ်ရှိ ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ... -
စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတရဲ့တာဝန်တွေကို တောင်ကိုရီးယားလွှတ်တော်က ဆိုင်းငံ့လိုက်ပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၁၄-၂၀၂၄ မျိုးဆက်(VOM) စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ တောင်ကိုရီးယား လွှတ်တော်မှာ... -
ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို ရုရှားက ဒုံးကျည်တွေ ၊ ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ပြန်
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ရုရှားကတော့...