ဒီဇင်ဘာ ၂၄ – ၂၀၂၄
SS (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲကြား ဒေသခံတချို့ ပိတ်မိနေဆဲဖြစ်ပြီး လုံခြုံရေးအခြေအနေ အထူး စိုးရိမ်နေရတဲ့ အနေအထားဖြစ်တယ်လို့ အဲဒီဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲကာလ ၂၁ ရက်ခန့် ရှိလာပြီဖြစ်ကာ အမြောက်တပ်၊ ဗန်းမော်နည်းပညာတက္ကသိုလ် အပါအဝင် နစကတပ်တွေရှိတဲ့ နေရာအတော်များများကို KIA တပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့လည်း ကြောက်လို့ ဘယ်မှမထွက်ရဲဘူး။ လုံခြုံမယ်ထင်တဲ့ နေရာလေးတွေမှာပဲ ပုန်းခိုပြီးနေနေကြရတာ။ တိုက်ပွဲကလည်း ပြင်းထန်နေတော့ ကိုယ့်အသက်အန္တရာယ် မထိခိုက်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားနေကြရတာပါပဲ။ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေကလည်း တောက်လျှောက် ရှိနေတယ်။ လက်နက်ကြီးထိလို့ သေဆုံးသွားတဲ့သူတွေလည်း မနည်းဘူး။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ အိမ်တွေလည်း မီးလောင်ကုန်ပြီ။ ကျွန်တော်တို့အတွက် လတ်တလော စားရေးသောက်ရေး အခြေအနေဆိုရင်တော့ အဆင်ပြေသလို တယောက်အိမ်ကနေတယောက် ချေးငှားပြီး မငတ်ရုံတမယ် စားနေကြရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာတော့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အပါအဝင် မြို့ရှိ နစကတပ်ရင်းဌာနချုပ်တွေကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်လျက်ရှိပြီး နစကဘက်ကလည်း လေကြောင်းပစ်ကူပေးပြီး ခုခံလျက်ရှိတယ်လို့ သိရပါတယ်။
စကခ – ၂၁ တပ်ဟာ ဗန်းမော်မြို့အစပ် ၂ မိုင်လောက်မှာ တည်ရှိပြီး အဲဒီတပ်ကို KIA ပူးပေါင်းတပ်တွေက ဝိုင်းထားသလို တခြား တပ်ရင်း ဌာနချုပ်တွေကိုလည်း ပိတ်ဆို့ တိုက်ခိုက်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဗန်းမော်တိုက်ပွဲက အတော်တိုက်ရခက်တယ်တဲ့။ ပြည်သူတွေခံနေတော့။ နောက်မှ ပြည်သူတွေ စစ်ရှောင်ကြတာ။ နစကဘက်ရော KIA ဘက်ရော နှစ်ဖက်စလုံးလည်း အထိနာနေတယ်။ သေဆုံး၊ ဒဏ်ရာရတွေလည်း များတယ်။ ဗန်းမော်တမြို့လုံးလည်း ပုပ်စော်တွေနံနေတယ်တဲ့။ တိုက်ပွဲက သိပ်တော့လည်း မကြာနိုင်လောက်တော့ဘူး” လို့ ဗန်းမော်ဒေသခံတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဗန်းမော်မြို့ဟာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) အခြေစိုက်ရာမြို့ဖြစ်ပြီး ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ – ၂၃၆၊ ၄၇ နဲ့ အမြောက်တပ်တွေဖြစ်တဲ့ အမတ – ၃၃၆ ၊ ၃၀၄ ၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်တွေအပြင် လက်ရုံးတပ်ရင်း ငါးရင်းခန့် အခြေစိုက်ထားတဲ့ တပ်မြို့ဖြစ်တယ်လို့ သိရပါတယ်။
အခု ၂၀၂၄ ခုနှစ်၊ မတ်လမှ စတင်ခဲ့တဲ့ ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နဲ့ ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့တွေနဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ဗန်းမော်မှာ တိုက်ပွဲ ပြန်လည် ပြင်းထန်
ဇန်နဝါရီ ၂၄၊ ၂၀၂၅ Shy V VOM ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇန်နဝါရီလ... -
ဂျမူးနဲ့ကတ်ရှ်မီးယားရှိ ကျေးရွာမှာ လူ ၁၇ ယောက် ထူးဆန်းစွာသေဆုံးမှု စုံစမ်းစစ်ဆေးနေ
ဒေလီ၊ ဇန်နဝါရီ-၂၄-၂၀၂၅ ရတီ(VOM) အိန္ဒိယအုပ်ချုပ်တဲ့ ဂျမူးနဲ့ကက်ရှ်မီးယားရှိ ကျေးရွာတရွာမှာ လူ ၁၇ ယောက်... -
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ပူတင်နဲ့ အမြန်ဆုံးတွေ့ဆုံလိုကြောင်း ဒေါ်နယ်ထရန့်ပြော
ဝါရှင်တန်၊ ဇန်နဝါရီ-၂၄-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ပူတင်နဲ့အမြန်ဆုံးတွေ့ဆုံလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။...