ဇန်နဝါရီ ၂၊ ၂၀၂၄
Shy V VOM
ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း လမ်းတွေမှာ နစကဘက်က စစ်ဆေးရေး တင်းကြပ်ထားပြီး အိမ်စီးကားလည်း လမ်းကြေး နေရာ အများအပြား ပေးဆောင်ရကြောင်း ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။
“မိုင်းရယ် ကနေ တောင်ကြီးကြား လမ်းတလျှောက် နစက စစ်ဆေးရေးဂိတ်တွေ အရမ်းများတယ်။ အပြန်ကျရင် ထောက်ခံစာ ယူခဲ့လို့ ပြောလိုက်ပေမယ့် ကိုယ့်နေရာ ဒေသ မဟုတ်တဲ့နေရာက ထောက်ခံစာ ယူဖို့ မဆင်မပြေဘူးလေ။ ဟိုဘက်ကလည်း မသိတဲ့ သူတွေကို ထောက်ခံပေးပါ့မလား၊ ထောက်ခံပေးရင် တခုခုဆို သူတို့ တာဝန်ခံရမှာလေ။ အဲလိုဆိုတော့ ခရီးသွားရတာ ခက်ခဲတယ်” လို့ ခရီးသွား တယောက်က ပြောပါတယ်။
ထောက်ခံစာ မရခဲ့ပေမယ့် ဆေးခန်းသွားပြတဲ့ လက်မှတ် ပါတာကြောင့်သာ အဆင်ပြေခဲ့တယ်လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသခံတွေ အနေနဲ့ မိမိ နေရပ် ဒေသက ထောက်ခံစာ ယူမယ့် နေရာ မရှိသလို သွားရောက်တဲ့ ဒေသ ကနေလည်း ထောက်ခံစာ ရဖို့ အဆင် သိပ်မပြေတာကြောင့် မှတ်ပုံတင်ပါရင် ပေးသွားစေလိုတယ်လို့ ဆိုပါတယ်။
“တောင်ကြီးကနေ ထွက်တာနဲ့ မိသားစု စီးတဲ့ကားတောင် အထွက် စစ်တပ် ဂိတ်ကို ကျပ် တသောင်း စပေးရပြီ။” လို့ နောက်ထပ် ခရီးသွား တယောက်က ပြောပါတယ်။
မြို့ တမြို့ထဲမှာတင် စစ်တပ်ဂိတ် သုံး၊ လေး ဂိတ် ရှိနေပြီး ဂိတ်တိုင်း သတင်းပို့ရတဲ့ အပြင် ဂိတ်ကြေး နှစ်ထောင် နဲ့ အထက် ပေးဆောင်ရတယ်၊ ဒါ့ အပြင် ရှမ်းဂိတ်တွေ လည်း ရှိပြီးရှမ်းဂိတ် တဂိတ် တဂိတ်ကို ကျပ် တထောင် ဆောင်ရတယ်လို့ သူက ပြောပါတယ်။
မိုင်းရယ် – ကျေးသီး – မိုင်းနောင် – လဲချား – ပင်လုံ – တောင်ကြီး လမ်းကြောင်းမှာ အိမ်စီးကားသေး တခြမ်းစာတင် လမ်းကြေး သိန်းချီ ကုန်ရတယ်လို့ ဆိုပါတယ်။
ကုန်တင်တဲ့ ကားသေးလေးတွေကိုလည်း တင်ဆောင်လာတဲ့ ပစ္စည်းတွေ အကုန်ချပြီး စစ်ဆေးကာ စက်သုံးဆီနဲ့ ကျန်းမာရေး ဆေးဝါးတွေ အဓိက စစ်ဆေးနေတာ တွေ့ရတယ်၊ ဆေးဝါးတွေ ဆေးလက်မှတ်မပါပဲ ဗူးလိုက်ပါလာရင် တဗူးဖြစ်ဖြစ် ကားကို နောက်ကြောင်း ပြန်လှည့်ခိုင်း နေတာတွေ့ရတယ်လို့ ခရီးသွားတွေကပြောပါတယ်။
ရှမ်းမြောက်လက်နက်ကိုင်အဖွဲ့တွေက မြို့အတော်များများကို သိမ်းပြီးနောက် ရှမ်းပြည်တောင်ပိုင်းကို စစ်ရေးမကူးစက်အောင် လုံခြုံရေးတင်းကြပ် စစ်ဆေးတာနားလည်ပေမယ့် ငွေကြေး အဆမတန်ကောက်တာကိုတော့ သက်ဆိုင်ရာက တားမြစ်စေလိုကြောင်း ကားသမားတွေက ပြောကြပါတယ်။
Photo: Google, Shy V