ဆူးငှက်
သီတင်းကျွတ်လဆန်းကစခဲ့တဲ့ ဘုရားပွဲတွေနှင့်အတူ တန်ဆောင်မုန်းလမှာလည်း ကထိန်ပွဲတွေရှိတယ်။ ကထိန်တွေဆို တာကလည်း မန္တလေးမှာက သီတင်းကျွတ်လပြည့်ကျော် ၁ ရက် နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ ရုံးတွေ၊ ကျောင်းတွေ၊ ရပ်ကွက်တွေ၊ အသင်းအဖွဲ့တွေ၊ ဈေးတွေက ခင်းလိုက်ကြတာ ခြိမ့်ခြိမ့်သည်းပါပဲ။ အရင်ကတော့ မန္တလေးရဲ့အသည်းနှလုံး ဈေးချိုတော် ၁၂ နှင့် ဈေးတန်းအသီးသီးက ကထိန်တွေဟာ ထင်ရှားတယ်။ နေ့လယ်နေ့ခင်းမှာပဲ ဈေးရုံထဲ၊ ဈေးတန်းထဲမှာ လှူဖွယ်ပဒေသာပင်တွေသီး၊ ဉာပ်မကြီးပြင်ပြီး အငြိမ့်တွေ၊ တီးဝိုင်း တွေနဲ့ ဧည့်ခံကြ ကေþးမွေးကြကာ အုန်းခြိမ့်ခြိမ့်ညံပါ။ အလားတူ ဝါးတန်းကထိန်၊ ဒေါင်းရိုးကထိန်၊ ပိုက်ကျုံးကထိန်၊ ပွဲကုန်းကထိန်၊ ပွဲစားကုန်သည် စက်ပိုင်များကထိန် ဆိုတာတွေကလည်း အပြိုင် အဆိုင်ပေါ့။ ဒီကထိန်ကြီးတွေမှာ အချို့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းကဆိုတော့ အကြိမ် ၁၀၀ မြောက်တောင် ခင်းကျင်း လှူဒါန်းပြီးကြပါပြီ။
ဘုရားပွဲ၊ ကထိန်ပွဲ၊ ပွဲလမ်းတွေမှာ ဇာတ်တွေ၊ အငြိမ့် တွေအပြင် “ပွဲဈေးတန်း”တွေကလည်း ပွဲမစခင် ကတည်းက တည်ခင်းရောင်းချ စည်ကားနေပါပြီ။ ဘုရားပွဲ၊ ကထိန်ပွဲနှင့် ဇာတ်ပွဲ၊ အငြိမ့်ပွဲကိုအကြောင်းပြုပြီး ကလေးကစားစရာ ချား၊ ရဟပ်၊ အံ့ပွဲတွေ၊ မျောက်ပွဲ၊ တိရစ္ဆာန်ကပွဲ ပြပွဲတွေ၊ ကလေးရုပ်ရှင် နှင့် လက်ထိုးရုပ်စုံဆိုတာတွေလည်းပါတယ်။ မုန့်သိုင်းခြုံ၊ ခဲလန် ချောင်း၊ ကရေကရာ၊ ကျောက်ကျော၊ ဆနွင်းမကင်း၊ ထိုးမုန့်၊ မုန့်ရေပါး၊ မုန့်လင်မယား၊ မြားပစ်၊ ဘောလုံးပစ်၊ ကြိမ်ကွင်းပစ်၊ ကံစမ်းမဲ စတဲ့ဆိုင်တွေအပြင် မပါမဖြစ်၊ မရှိမဖြစ် ဆိုင်ကတော့ “ဆိတ်ပုဆိုးကြမ်း”ဟင်း ဆိုင်ပါပဲ။
“ဆိတ်ပုဆိုးကြမ်း”လို့ မန္တလေးကခေါ်တာက တကယ်တော့ ဆိတ်ဝမ်းတွင်းသားပါ။ ဆိတ်ဝမ်းတွင်းသားကို အစာအိမ်၊ အူသိမ်၊ အူမ၊ အူနုကလေးကအစ ကျကျနနဆေးကြောပြီး ဟင်းခတ်အမွှေးအကြိုင်နဲ့ အရည်သောက် ချက်ထားတဲ့ ဟင်းတစ်မျိုးပါ။ ပွဲဈေးတန်းမှာ မီးသွေးမီးဖိုပါတဲ့ဆိုင်းထမ်းကြီးမှာ တဖက်ကမီးဖို ပေါ် ဒန်အိုး ပြောင်ပြောင်လက်လက်ကြီးထဲ သစ်ကြမ်းပိုး၊ ကရ ဝေး၊ ဇီယာ၊ စပါးလင်အနံ့သင်းနေတဲ့ ဟင်းအိုးကြီးကအပေါ်ဆီဝေ့ ပြီး ပွက်ပွက်ဆူနေတယ်။ ဖီးလိမ်းပြင်ဆင်ထားတဲ့ ဈေးသည်မက အိုးကြီးထဲ ဟင်းခတ်ယောက်ချိုကြီးနဲ့မွှေလို့…။
ဆိုင်းထမ်းတစ်ဖက်မှာ ဟင်းရည်သောက်ပန်းကန်တွေ ဆေးဖို့ ရေဇလုံနဲ့ အပေါ်မှာ ပန်းကန်တွေစီထားတဲ့ဘေး၊ ငံပြာရည် ပုလင်း၊ ငရုတ်ကောင်းပုလင်း၊ ငရုတ်သီးမှုန့်ဘူး၊ နံနံပင်၊ ကြက်သွန် နီ၊ သံပုရာသီး စတာတွေ အစီအရီတင်ထားတယ်။ ရှေ့မှာလည်း စားပွဲပုရှည်လေးနဲ့ ထိုင်ခုံလေးတွေနဲ့ပေါ့။ စားပွဲပေါ်မှာ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ နံနံပင်၊ ကြက်သွန်နီစိပ်၊ သံပုရာသီးစိပ်လေးတွေကို ဗူးလေး၊ ပန်းကန်လေးတွေနဲ့ ထည့်ထားတယ်။
ပွဲလာသူတွေက ဆိတ်ပုဆိုးကြမ်းဟင်းသည်ရှေ့ ရောက်တာနဲ့ မွှေးနေတဲ့ဟင်းရနံ့ကြောင့် ဈေးသည်ရှေ့က ဖင်ထိုင် ခုံလေးမှာထိုင်ပြီး ဝယ်သောက်ကြတယ်။ နံနံကြိုက်သူ၊ ငရုတ်သီး ကြိုက်သူ၊ သံပုရာသီး အချဉ်ကြိုက်သူ စိတ်ကြိုက်လိုသလောက် ထည့်ပြီး စားသောက်ရုံပါပဲ။
အိမ်မှာထမင်းနဲ့စားချင်ရင်တော့ ပါဆယ်ဆွဲသွားရုံပေါ့။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ပွဲဈေးတန်းနှင့်ဆိတ်ပုဆိုးကြမ်းဟင်း