ဇန်နဝါရီ ၂၅ – ၂၀၂၅
SS (VOM)
နစက က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က ထုတ်ပြန် ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေထဲမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေကို ပြည်ပထွက်ခွင့် ပိတ်ပင်လိုက်ပြီး အစိုးရဝန်ထမ်းတွေပါ စစ်မှုထမ်းရမယ် ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။
ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ ပုဒ်မ – ၅၉ ခု ပါဝင်ပြီး ပုဒ်မ – ၅၀ မှာ စစ်မှုထမ်းဖို့ ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရ ဆိုပြီး ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
ဆက်လက်ပြီး ပုဒ်မ – ၅၁ မှာလည်း စစ်မှုထမ်းဖို့ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားပါတယ်။
“ အခုက နိုင်ငံခြားသွားမှာ အလုပ်သွားလုပ်ဖို့က အကုန်ပြင်ဆင်ပြီးနေပြီ။ စာတွေလည်း မနားမနေ ကျက်ပြီး သင်တန်းတွေ တက်ထားရတာ။ အခု အားလုံးပြီးသွားပြီ။ သွားရဖို့ကိုပဲ စောင့်နေတာ။ ဒီလိုအချိန်ကျမှ စစ်မှုထမ်းဆင့်ခေါ်စာ ရောက်လာရင်တော့ ပိုက်ဆံတွေကုန်၊ အချိန်တွေ ကုန်ထားသမျှ အားလုံး သဲထဲရေသွန် ဖြစ်တော့မှာပဲ” ပြည်ပမှာသွားရောက် အလုပ်လုပ်ကိုင်ဖို့ စောင်းဆိုင်းနေသူတယောက်က ပြောပါတယ်။
ဒါအပြင် အဲဒီ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေအရ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေလည်း စစ်မှုထမ်းရမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့ ဝန်ထမ်းတွေဟာ စစ်ဘက်နဲ့ အရပ်ဘက် နှစ်နေရာစလုံးမှာ အမည်စာရင်းရှိမယ်လို့ ဆိုထားပြီး မူလရရှိထားတဲ့ ဝန်ထမ်းလစာနဲ့ တပ်သားသစ်အဖြစ် ရရှိတဲ့ လစာနှစ်ခုထဲက နှစ်သက်ရာတခုကိုသာ လက်ခံရရှိမှာဖြစ်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။
စစ်ဘက်အရာရှိတွေ အရပ်ဘက် ပြောင်းပါက စစ်ဘက်နဲ့ အရပ်ဘက် နှစ်နေရာစလုံးအတွက် နှစ်သီးစားလစာတွေ ရပေမယ့်လည်း အစိုးရဝန်ထမ်းတွေကတော့ အဲဒီ အခွင့်အစား ရာထူးတိုးစာမေးပွဲ ဖြေဆိုဖို့လာပါက လူတွေ့နဲ့ ရေးဖြေ နှစ်ခုစလုံးအတွက် ဖြေဆိုစရာမလိုဘဲ ကင်းလွတ်ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အစိုးရဝန်ထမ်းတွေဟာ စစ်မှုထမ်း သတ်မှတ်ကာလပြည့်ပါက အရပ်ဘက်ကိုမပြန်ဘဲ အမြဲတမ်းစစ်သားအဖြစ် ဆက်လက် လျှောက်ထားနိုင်တယ်လို့လည်း စစ်မှုထမ်းနည်းဥပဒေမှာ ပါဝင်ပါတယ်။
“စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ ရောက်လာပြီဆိုရင်တော့လည်း မဖြစ်မနေ စစ်မှုထမ်းရမှာပေါ့။ ကင်းလွတ်ခွင့် လျှောက်ထားနိုင်တယ် ဆိုပေမယ့်လည်း တကယ်တမ်း စာရင်းထဲ ပါနေပြီဆိုရင်တော့လည်း ဘာမှတော့ လုပ်မရနိုင်ဘူးပေါ့” လို့ အစိုးရဝန်ထမ်းတယောက်က ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်း နည်းဥပဒေအရ နှစ်စဉ် ဒီဇင်ဘာလ ၃၁ ရက်မှာ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်းမှ စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို စာရင်းကောက်ယူမှာဖြစ်ပြီး အဲဒီသူတွေကို မြို့နယ်အဆင့်မှာစုစည်းကာ ဆေးစစ်မှာဖြစ်ပြီး ဆေးစစ်ထားသူတွေထဲက ကျန်းမာပြီး ဆေးအောင်သူတွေကို စစ်မှုထမ်းဖို့အတွက် မှတ်ပုံတင်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။
ဆေးအောင်သူတွေဟာ စစ်မှုထမ်းဖို့အတွက် စောင့်ဆိုင်းနေရမှာဖြစ်ပြီး စစ်သင်တန်း တက်သည်ဖြစ်စေ၊ စစ်သင်တန်း မတက်ရောက်သေးဘဲ အရပ်သားအဖြစ် နေထိုင်သည်ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ နိုင်ငံရပ်ခြားကို သွားလာခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့နောက်ဆက်တွဲဖြစ်ပြီး ဒီဥပဒေရဲ့ ပုဒ်မ – ၃၁ မှာတော့ စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ဟာ အမိန့်စာ ဆင့်ခေါ်ရမယ့်သူတွေနဲ့ ပတ်သက်လို့ ဆန္ဒပြုသူတွေကို ဦးစားပေး ရွေးချယ်ရမှာဖြစ်ပေမယ့် လိုအပ်တဲ့လူအရေအတွက် မပြည့်ရင် မဲနှိုက်ရွေးချယ်တဲ့ နည်းလမ်းကိုပါသုံးဖို့ ခွင့်ပြုထားပါတယ်။
ဒါအပြင် စစ်မှုထမ်းဥပဒေဆိုင်ရာ ကိစ္စရပ်တွေကို အခြေခံပညာကျောင်းတွေကစလို့ သင်ရိုးညွှန်းတမ်းတွေမှာ ဘာသာရပ်တခုအနေနဲ့ ထည့်သွင်းပို့ချနိုင်ဖို့ကိုပါ ဆောင်ရွက်ရမယ်လို့လည်း ဖော်ပြထားပါတယ်။
အရင် ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်တွေအနေနဲ့ စစ်မှု ထမ်းဖို့ ပျက်ကွက်ပါက ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး စစ်မှုထမ်း တိမ်းရှောင်ရန် ကြံစည်ရင် ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကာ စစ်မှုထမ်းဖို့ ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်တယ်လို့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ဒါအပြင် စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေက နေပြည်တော်မှာ ပြုလုပ်တဲ့ နစကရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တွေ့ဆုံပွဲမှာ အကြံပြုဆွေးနွေးခဲ့တယ်လို့ နစက က မနေ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေက နိုင်ငံရေးပါတီတွေနဲ့ NSPNC တို့ နေပြည်တော်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။