ဆူးငှက်
၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်လို့ ကျောင်းသားတွေ သပိတ်မှောက်ကြတယ်။ သပိတ်မှောက်ကြတာက ရန်ကုန်တက္ကသိုလ် တစ်ကျောင်းတည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေအားလုံးက သပိတ်မှောက်ကြတာပါ။
ကျွန်ပညာရေးကို သင်ကြားပေးနေတဲ့ တက္ကသိုလ်အပါအဝင် အစိုးရကျောင်းတွေနဲ့ အစိုးရအထောက်အပံ့ခံ ကျောင်းတွေကို ရာသက်ပန်သပိတ်မှောက်ကြဖို့ သဘောတူထားကြတော့ ကျောင်းသားကြီးတွေက အစိုးရက လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ကျောင်းပြန်မတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ဟာ ကျောင်းဆက်တက်ပြီး ဘွဲ့ရရင် မြို့ပိုင် မြို့အုပ် ဝန်ထောက်စတဲ့ ရာထူးတွေရနိုင်ပါလျက်နဲ့ တစ်နိုင်ငံလုံးက ကျောင်းသားတွေ ကျွန်ဖြစ်မယ့် ပညာရေးကို အလိုမရှိကြတာမို့ စွန့်လွှတ်ပြီး ကောင်းမွန်တဲ့ ပညာရေးစံနစ်တစ်ခု တောင်းဆိုခဲ့ကြတဲ့ လုပ်ရပ်က ဂုဏ်ယူစရာပါပဲ။ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစံနစ်ကို မကြိုက်လို့ ဆန့်ကျင်ကြ သပိတ်မှောက်ကြတာနဲ့အတူ အမျိုးသားပညာရေး လှုပ်ရှားမှုကလည်း ပိုမို ထက်မြက်အားကောင်းလာပါတယ်။ အဲဒီလှုပ်ရှားမှုကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသားကျောင်းတွေ အမျိုးသားကောလိပ်တွေ ယူနီဗာစီတီတွေ ဖွင့်လှစ်ကြဖို့ပါပဲ။ ရာသက်ပန် သပိတ်မှောက်ပြီး အစိုးရကျောင်းတွေမှာ ကျောင်းပြန်မတက်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကျောင်းသားကြီးတွေက အမျိုးသားကျောင်း တွေမှာ ဆရာအဖြစ် တာဝန်ယူခဲ့ကြတယ်။ ဒါကြောင့် မူလကရှိပြီး ဗုဒ္ဓဘာသာကျောင်းများနှင့် တိုင်းရင်းသား ဘာသာသင် ကျောင်းတွေကို စုစည်းပြီး အမျိုးသားကျောင်းများအဖြစ် တစ်နိုင်ငံလုံး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အမျိုးသားကျောင်းတွေမှာ သင်ကြားတဲ့ စာအုပ်တွေ သင်ခန်းစာတွေက ကိုယ့်တိုင်းပြည်ကို ချစ်ရမယ်၊ ကိုယ့်လူမျိုးကို ချစ်ရမယ်၊ ဒို့လူမျိုးအချင်းချင်း သွေးစည်းညီညွတ်လက်တွဲရမယ်၊ ဒို့ကို လက်နက်နဲ့ မတရားဖိနှိပ်ကျွန်ပြုသွေးစုပ်နေသူတွေကို တစ်နေ့ကျရင် တော်လှန်မောင်းထုတ်ရမယ်ဆိုတဲ့ အသိတရားတွေ အတွေးအခေါ်တွေ ရရှိအောင် သင်ကြားပေးတယ်။ နောက်ပြီး တိုင်းပြည်အတွက် တကယ့် လူချွန်လူကောင်းတွေ ပေါ်ထွက်ဖို့ ရည်ရွယ်ပြီး ပညာရေးသာမက ကိုယ်ကာယ ကြံ့ခိုင်ရေးအတွက် ကာယသင်တန်းတွေ အားကစားသင်တန်းတွေလည်း သင်ကြားပေးတယ်။
မန္တလေးအမျိုးသားကျောင်းမှာ ဆရာကြီးရွှေပြည်ဦးဘတင်က မြန်မာစာနဲ့ ရာဇဝင်သာမက ကျောင်းသားတွေကို မဟာဂီတ သီချင်းကြီးတွေပါ သင်ပေးခဲ့တယ်။ အင်္ဂလိပ်အစိုးရကျောင်းနဲ့ မစ်ရှင်ကျောင်းတွေတုန်းက ကျောင်းသူကျောင်းသားတွေက ပထမကမ္ဘာစစ်ပြီးဆုံးခြင်း အထိမ်းအမှတ်ပွဲတွေ၊ ခရစ္စမတ်ပွဲတွေ၊ နှစ်သစ်ကူးပွဲတွေကိုဆင်နွှဲကြရပြီး စန္ဒရားနဲ့ အင်္ဂလိပ်သီချင်းတွေ၊ ဘုရင်မနဲ့ အင်ပါယာချီးမြှောက်သီချင်းတွေ၊ ကျေးဇူးတော်ချီးမွမ်းသီချင်းတွေ သီဆိုကြရပြီး အမျိုးသားကျောင်းတွေမှာတော့ နေရှင်နယ်ဒေးလို့ခေါ်တဲ့ အမျိုးသားနေ့ အခမ်းအနားကို မဟာဂီတသီချင်းကြီးတွေ၊ သရုပ်ဖော်ယိမ်းနဲ့ ကဇာတ်တွေ၊ မြန်မာရာဇဝင်က ပြဇာတ်တွေကို ကျောင်းသူကျောင်းသားတွေက ကပြကြတယ်။ ပြီးရင် မြို့ထဲကို စီတန်းလှည့်လည်ပြီး အမျိုးသားနေ့အကြောင်း ဟောပြောကြတယ်။ ဆရာကြီးဦးရာဇတ် တည်ထောင်ခဲ့တဲ့ မန္တလေးက အမျိုးသားကျောင်းမှာဆိုရင် လက်ဝှေ့သင်တန်းတွေပါပေးပြီး ကျောင်းထဲမှာကို လက်ဝှေ့ခုံကြီး ထားပေးကာ ပြိုင်ပွဲတွေကျင်းပပေးခဲ့တယ်။
မန္တလေးမှာဆရာကြီး ဦးရာဇတ်ဦးဆောင်ပြီး အမျိုးသားကျောင်းတွေ ဖွင့်လှစ်ပြီးတဲ့နောက် အထက်ဗမာပြည် မန္တလေးမြို့မှာလည်း ဥပစာကောလိပ်တစ်ခုဖွင့်လှစ်ပေးဖို့ မန္တလေးမှာရှိကြတဲ့ ဆရာကြီးဦးရာဇတ် အပါအဝင် ဗဟိုစည်ဦးဘဦး၊ကျောက်စာဝန်တော်စိန်ခိုနှင့် ရသေ့ကြီးဦးခန္တီတို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြပါတယ်။ ကော်မတီဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါကြောင့် အထက်ဗမာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ကွက်မှာ ရှိတဲ့ သိပ္ပံကျောင်းဝင်းထဲက တစ်ထပ်အုတ်တိုက်နီကလေးမှာ ၁၉၂၅ဇူလိုင် ၄ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါ တယ်။
မန္တလေးတက္ကသိုလ်ဟာ မြန်မာလူမျိုးများရဲ့ ဝံသာနုစိတ်နဲ့ ဇာတိမာန်သက်သက်ကတဆင့် အမြော်အမြင်ကြီးစွာ ပေါ်ပေါက်ခဲ့ရတဲ့ မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊ ကြီးထွား၊ ပွင့်လန်းခဲ့တဲ့ မြန်မာအမျိုးသားတက္ကသိုလ်ကြီးဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသား တွေစတင်ခဲ့တဲ့ သပိတ်တိုက်ပွဲရဲ့ အသီးအပွင့်လည်းဖြစ်ပါတယ်။ ဒီအသီးအပွင့်ကြောင့် ၁၉၂၅ ခုနှစ်မှာ မန္တလေးမြို့မိမြို့ဖများ အားထုတ်မှုနဲ့ မန္တလေးဥပစာကောလိပ် ဖွင့်လှစ်ခွင့်ရခဲ့တယ်။
ဒီလိုနဲ့စစ်ကြီး ဖြစ်ပွားတော့ဖွင့်လှစ်ဆဲမန္တလေးဥပစာကောလိပ်ကိုဥပစာကောလိပ်ရဲ့ကျောင်းသား ဟောင်း တစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိ ဥပစာကောလိပ်ဓာတုဗေဒ ဆရာဖြစ်သူ ဦးကိုလေး (ဇေယျာမောင်)က စောင့်ရှောက်ရတယ်။ မန္တလေးလည်း စစ်ရောက်ရော ဥပစာကောလိပ်လည်း ပိတ်လိုက်ရတယ်။
စစ်ကြီးပြီးတော့ မန္တလေးဥပစာ ကောလိပ်ပြန်ဖွင့်လှစ်နိုင်ရေးကို ဆရာကြီးဦးရာဇာတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်)တို့ပဲ ပြန်လည်ဦးဆောင် ဆောင်ရွက်ကြတယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ကတော့ မသိလိုက်မသိ ဘာသာပါပဲ။ စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအစိုးရဖွဲ့တော့ ဦးရာဇာတ် ဝန်ကြီးတာဝန်အယူ ရန်ကုန်ရောက်စဉ် မန္တလေးဥပစာကောလိပ်ဖွင့်လှစ်နိုင်ရေးကို ဆရာဦးကိုလေးနဲ့ ထပ်မံကြိုးစားကြပြန်တယ်။ ဒါကြောင့် ၁၉၄၇ခုမေလ၂၉ရက်နေ့မှာပဲ ဆရာဦးကိုလေး (ဇေယျာမောင်)ကို ကျောင်းအုပ်ကြီးအဖြစ်ခန့်အပ်ပြီး မန္တလေးဥပစာ ကောလိပ် ပြန်လည်ဖွင့်လှစ်ဖို့ တာဝန်ပေးလိုက်ပါတယ်။ အသစ်ပြန်ဖွင့်မယ့် မန္တလေးဥပစာကောလိပ်မှာ ပါဠိကထိက အနေနဲ့ ဆရာမ အမ်အေ ဒေါ်အုန်းက တာဝန်ယူရတယ်။ ဒီလို မန္တလေးဥပစာကောလိပ်ရဲ့ ပထမဆုံး အမျိုးသမီး ဘော်ဒါဆောင်စတင်ဖွင့်လှစ်ဖို့ ဆရာမ အမ်အေ ဒေါ်အုန်းကို ဝန်ကြီးဦးရာဇတ်ကိုယ်တိုင် ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က ရန်ကုန်ခေါ်ပြီး တာဝန်ပေးခဲ့တာပါတဲ့။ ဒါကြောင့် ဆရာမ အမ်အေ မအုန်းကလည်း သူ တာဝန်ထမ်းဆောင် ဆဲဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် အင်းလျားဆောင် အဆောင်မှူးအဖြစ်ကနှုတ်ထွက်ပြီး မန္တလေးကို အမြန်ပြန်ရတာပေါ့။
အခက်အခဲတွေများစွာကြားကမန္တလေးဥပစာကောလိပ်ကို မန္တလေး ယူနီဗာစီတီကောလိပ်အဖြစ် ဆရာကြီးဦးကိုလေး (ဇေယျာမောင်)နဲ့ လက်တွဲပြီး ဆရာမကြီး အမ်အေ ဒေါ်အုန်း ကြိုးပမ်းခဲ့ရတာဟာ မန္တလေးတက္ကသိုလ်အတွက် တကယ့် ဆပ်မကုန်တဲ့ ကျေးဇူးတွေပါ။ ထပ်မံထူးခြားတာက ဒီဆရာကြီးနဲ့ ဆရာမကြီးနှစ်ဦးစလုံးကလည်း အခုလို သူတို့ မန္တလေးတက္ကသိုလ်ကို ဆက်စပ် ပတ်သက်ရတာက ဆရာကြီး ဦးရာဇတ်ရဲ့ ကျေးဇူးကြောင့်ပါတဲ့။ မန္တလေးတက္ကသိုလ် ဆိုတာ ဆရာကြီး ဦးရာဇတ်ကြောင့် ပေါ်ထွက်ခဲ့ရတာပါလို့ ဆရာကြီး ဦးရာဇတ်ကို အထူး ထောက်ပြဂုဏ်ပြုခဲ့ကြတာပါ။
ဒီဥပစာကောလိပ်ကလည်း အတိုက်အခံ အခက်အခဲအမျိုးမျိုးကြားက ရုန်းကန်ပြီး ၁၉၄၈ ခုနှစ် ဇွန်လမှာ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့ပြီးတဲ့နောက် မြို့မိမြို့ဖတွေ ဆက်လက်အားထုတ် ကြိုးပမ်းခဲ့ကြလို့လည်း ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်မှာ မန္တလေးတက္ကသိုလ်အဖြစ် သီးခြားရပ်တည်ခဲ့တယ်။ ပြောင်းလဲလာတဲ့ ပညာရေးစံနစ်တွေကြောင့် ၁၉၆၄ ခုနှစ်မှာ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်အသွင်ပြောင်းခဲ့ရတယ်။ ၁၉၈၀ ခုနှစ်မှာတော့ မန္တလေးတက္ကသိုလ်ဆိုတဲ့ မူလအမည်နဲ့ တည်ရှိခဲ့တာပါ။ ဒါကြောင့် မန္တလေးတက္ကသိုလ်စတင်မွေးဖွားခြင်းရဲ့ ကနဦးအစဟာ ဆရာကြီးဦးရာဇတ်ရဲ့ အမြော်အမြင်နဲ့ ကြိုးစားအားထုတ်မှု စီမံခန့်ခွဲမှုတွေကြောင့်ပါပဲ။
မန္တလေးတက္ကသိုလ်အတွက် ဆရာကြီးဦးရာဇတ်ကို ထိုက်တန်စွာ ဂုဏ်ပြုကြပါစို့။
ဆူးငှက်
