ဆေးရုံဆင်းလူနာ ပြန်ပို့တဲ့ လူနာတင်ကား ယာဉ်တိုက်မှုဖြစ်လို့ လိုက်ပါသူ ခြောက်ယောက်စလုံး ဆေးရုံပြန်ရောက်

မတ် ၁၅ – ၂ဝ၂၅
KKO(VOM)
ဆေးရုံဆင်းလာတဲ့ လူနာကိုအိမ်ပြန်လိုက်ပို့ရင်း လမ်းမှာယာဉ်တိုက်မှုဖြစ်ပွားလို့ လူနာ တင်ယာဉ်ပေါ်ပါလာသူ ခြောက်ယောက်စလုံးကို ဆေးရုံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရတဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တခု ယမန်နေ့ မတ်လ ၁၄ ရက်၊ညနေပိုင်းအချိန်က ရန်ကုန်မြို့၊အလုံမြို့နယ်က သခင်မြပန်းခြံအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မတော်တဆယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ လူနာတင်ယာဉ်ဟာ ကျိုက်လတ်မြို့၊ရှမ်းကျောင်းစာသင်တိုက်အရှေ့ပိုင်းလူငယ်လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်ဖြစ်တယ်လို့ သိရပြီး အလုံမြို့နယ်၊သခင်မြပန်းခြံမီးပွိုင့်အနီး၊အောင်ရတနာလမ်းနဲ့ အောက်ကြည့်မြင်တိုင်လမ်းထောင့်(EV အားသွင်းစင်တာ)အရောက်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့ လူမှုကူညီရေးသမားတွေက ပြောပါတယ်။
အဲဒီလူနာတင်ယာဉ်ပေါ်မှာ နေရပ်ပြန်ဆေးရုံဆင်းလူနာနဲ့ သူရဲ့ မိသားစုဝင်တွေ အပါအဝင် ကျိုက်လတ်မြို့၊ရှမ်းကျောင်းစာသင်တိုက်အရှေ့ပိုင်းလူငယ်လူမှုကူညီရေးအသင်းဝင်အချို့လိုက်ပါလာခဲ့ကြတယ်လို့ သိရပါတယ်။
“အဲဒီလူနာတင်ယာဉ်ပေါ်ပါလာတာက အမျိုးသား ငါးယောက် ၊အမျိုးသမီး တယောက်ပါတယ် ။အမျိုးသမီး တယောက်က အဲဒီလူနာတင်ယာဉ်ပေါ်မှာပါလာတဲ့ လူနာရဲ့သမီးပါ။နောက်ထပ်အမျိုးသားနှစ်ယောက်က ယာဥ်မောင်းနဲ့ ယာဉ်အကူပါ။နောက်တခါလူနာရဲ့ဆွေမျိုး သားချင်းအမျိုး သားကြီးနှစ်ယောက်ပါတယ်။အဲမှာအားလုံးစုစုပေါင်းက ကျားငါးယောက် မတယောက် ပေါ့။ယာဉ်ပေါ်မှာပါလာတဲ့ လူနာကတော့ ကျွန်တော်တို့ သူ့ကိုဆေးရုံပြန်ပို့တဲ့ အချိန်မှာ အသက်ကမရှိတော့ပါဘူး။သူက ယာဉ်တိုက်မှုကြောင့်သေဆုံးတာတော့မဟုတ်ပါဘူး။နဂိုထဲက ရောဂါအခံရှိတယ်၊အခုလိုဖြစ်တော့ လန့်ပြီးဆုံးသွားတယ်လို့ပဲ ယူဆပါတယ်။ဆေးရုံရောက်တော့ ဆရာဝန်တွေစမ်းသပ်ကြည့်တော့လူနာက အသက်မရှိတော့ဘူး။အသက်ပါမလာတော့ဘူး။အသက်ပါမလာဘူးဆိုတာက သူက အရင်ထဲကိုက အခြေ အနေမကောင်းလို့ဆေးရုံပြန်ဆင်းလာတာသူ့ကိုအိမ်ပြန်ခေါ်လာတာ၊ယာဉ်တိုက်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာရလို့ ဆုံးတာမဟုတ်ပါဘူး။သူ့ရောဂါအခံနဲ့ပဲ ဆုံးတာပါ။သိရသလောက်က အဲနေ့ကပဲ သူတို့ရဲ့မြို့ကျိုက်လတ်၊ဘိုကလေးကိုသူတို့ပြန်ဖို့သွားရင်း အခုလိုယာဉ်မတော်တဆမှုဖြစ်သွားတာပါ”လို့ နယ်မြေခံ လူမှုကယ်ဆယ်ရေးသမားတယောက်က VOM ကို ပြောပါတယ်။
ဒါအပြင် အဲဒီယာဉ်တိုက်မှုကြောင့် လူနာတင်ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ယောက် ၊အမျိုးသမီး တယောက် စုစုပေါင်းလူ ခြောက်ယောက်ကို လူမှုကယ်ဆယ်ရေးသမားတွေက အချိန်မီ ကယ်ထုတ်ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပြန်လည်ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
“ဖြစ်တာက သခင်မြပန်းခြံအနီးက EV ကားတွေအားသွင်းတဲ့နေရာမှာဖြစ်တာပါ။ယာဉ်မောင်းဖြစ်သူက ကားကြားမှာ ညှပ်မိနေလို့ တော် တော်ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတယ်။လူနာ ခြောက်ယောက်ထွက်ပါတယ်”လို့ လူမှုကယ်ဆယ်ရေးသမားတယောက်က ထပ်လောင်း ပြောပြပါတယ်။
သို့သော်လည်း မည်သို့၊မည်ပုံ အခုလိုယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့ မသိရဘူးလို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
“ဘယ်လိုကနေ စဖြစ်လဲတော့ သေချာမသိရပါဘူး။ကျွန်တော်တို့က လူနာတွေကိုပဲဆေးရုံအချိန်မီ ရောက်အောင်ပို့ပေးခဲ့တာပါ။ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာက သူတို့ပဲသိပါမယ်။မှန်းရတာကတော့ တခုခုကို ရှောင်တိမ်းရင်း အခုလိုယာဉ်မတော်တဆမှုဖြစ်တယ်လို့ပဲ အကြမ်းဖျဉ်းယူဆလို့ရပါတယ်”လို့ နယ်မြေခံ လူမှုကူညီရေးသမား တယောက်က VOM ကို ထပ်မံပြောပြပါတယ်။
အဲဒီယာဥ်တိုက်မှုဖြစ်ပွားရာသို့ အလုံမြို့နယ် မီးသတ်တပ်ဖွဲ့ နဲ့ အတူ နယ်မြေခံကြက်ခြေနီအဖွဲ့၊နယ်ခံ လူမှုကူညီရေးအသင်းတွေဖြစ်တဲ့သံဝေဂ၊အေးမေတ္တာ/ဝင်းမေတ္တာ(ကြည့်မြင်တိုင်)လူမှုကူညီရေးအသင်းတို့က သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ရတယ်လို့လည်း သိရှိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW