ပြည်- ပေါက်ခေါင်းလမ်းပိုင်းတိုက်ပွဲကြောင့် တိမ်းရှောင်နေရသူ ၅၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

မတ် ၁၅ -၂၀၂၅
GG (VOM)
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် ၊ ပြည် – ပေါက်ခေါင်းလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တောထဲမှာ ရှောင်နေရတဲ့ စစ်ရှောင် ၅၀၀၀ ကျော် နေရပ်မပြန်နိုင်သေးတဲ့အတွက် ဒုက္ခရောက်ပြီးအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။
တောထဲမှာ စစ်ရှောင်နေရတဲ့ဒေသခံတွေမှာ စစ်ရှောင်နေရတဲ့ ရက်ကြာမြင့်လာမှုနဲ့အတူ စားနပ်ရိက္ခာ၊ သောက်ရေ ၊သုံးရေအပါအဝင် ဆေးဝါး၊ကျန်းမာရေးပိုင်ဆိုင်ရာ ကုသမှု စတဲ့အကူအညီိတွေ အရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။
” တောတောင်ထဲ ရှောင်နေရသူတွေက တော်တော်ဒုက္ခရောက်တယ်။ နေရပ်လည်းမပြန်နိုင်သေးဘူး။ အခုဆိုစစ်ရှောင်တာ တလနီးပါးရှိလာတော့ အကူအညီတွေအတော်လေးလိုအပ်လာတယ်။ အလှူရှင်တွေလည်းမရှိကြဘူး။တောထဲမှာက လှည်းနဲ့နေသူတွေရှိသလို နေကာရုံအမိုးနဲ့တဲထိုးနေရသူရှိတယ်။အခုဆို ဆန်ဆီဆားအကုန်လိုအပ်တယ်။ နေမကောင်းရင်တောင်ဆေးကုဖို့ဘယ်လိုလုပ်ရမလဲဆိုပြီးဖြစ်နေကြတာ။ ” လို့ စစ်ရှောင်တွေကိုညီဖို့ လုပ်နေသူကပြောပါတယ်။
ပြည်- ပေါက်ခေါင်းလမ်းပိုင်းမှာ ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် နစကဘက်မှ pdf တွေကို စက်တပ်လေထီးသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စစ်ကြောင်းထိုးခြင်း ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ရှိတာကြောင့် အဆိုပါလမ်းပိုင်းမှာရှိတဲ့ ကျေးရွာဒေသခံတွေဟာ တောတောင်ထဲနဲ့ နီးစပ်ရာမြို့၊ဆွေးမျိုးရှိရာဒေသကို စစ်ဘေးတိမ်းရှောင်နေရတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ ပြည် – ပေါက်ခေါင်းလမ်းပိုင်းမှာ တိုက်ပွဲတွေ ပစ်ခတ်မှုတွေမရှိတော့ ပေမယ့် ရံဖန်ရံခါ လက်နက်ကြီးပစ်ခတ်မှု တွေရှိနေသေးတဲ့အတွက် တိုက်ပွဲထပ်မံဖြစ်ပွားမှာကိုစိုးရိမ်တာကြောင့် တောထဲမှာစစ်ရှောင်နေရတဲ့ ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးတာဖြစ်တယ်လို့သိရပါတယ်။
” အခြေအနေငြိမ်ပြီဆိုပြီး အရင်ရက်ကပြန်သွားတာ ။ နယ်မြေရှင်းလင်းရေးတွေရှိလို့ ပြန်လာရတယ်။ တိုက်ပွဲထပ်ဖြစ်ရင်မလွယ်ဘူးလေ။အိမ်က ဆန်နဲ့စပါးလေးတော့သယ်လာတယ်။ တောထဲကသူတွေကတော ့မပြန်ကြသေးဘူး။အိမ်အခြေအနေပြန်ကြည့်သူတော့ရှိတယ်။ကျွန်တော်တို့က အမျိုးအိမ်မှာဆိုတော့ အဆင်ပြေသေးတာပေါ့။တောထဲကလူတွေကတော့ ဒုက္ခရောက်တယ်။ စားစရာကအခုဆိုကုန်နေပြီ။ ရေကလည်းရှားနဲ့ဖြစ်နေကြတာ။ဘယ်သူမှလည်းတောထဲမသွားရဲကြဘူး။” လို့ စစ်ရှောင်နေရသူကပြောပါတယ်။
လက်ရှိတောထဲက စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်သည်တွေလည်းပါသလို သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး ကောင်းသူတွေလည်းပါတယ်လို့သိရပါတယ်။
ခုချိန်ထိ စစ်ရှောင်နေကြရတဲ့ ကျေးရွာတွေကတော့ ကန်ကြီးကုန်းရွာ၊ ဖိုလ်ကုန်းရွာ၊ကန်ကလေးရွာ၊သစ်ရောင်းပြန်ရွာ နဲ့ ကြို့ပင်ဝိုင်း ရွာတို့ ဖြစ်ပြီး ကြို့ပင်ဝိုင်းရွာကတော့ ညဘက်ကို တိမ်းရှောင်ပြီး နေ့ခင်းပိုင်းမှာ ရွာကိုပြန်ပြီး အလုပ်ပြန်လုပ်သူ အချို့ရှိတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ မှာ ပေါက်ခေါင်းမြို့အနီးက တောင်ဇင်းဝတောင်ကြားလမ်းမှာ စစ်တပ်ယာဥ်တန်းကြားဖြတ်တိုက်ခိုက်ခံရပြီး ကားတစီးမီးလောင်ကာ နစကတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့သလို အဲဒီနေ့ညပိုင်းမှာပဲ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ နစကတပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်ကြောင့် ပြည်မြို့ရှိ နစကတပ်ဖွဲ့ဝင်တွေက ပေါက်ခေါင်းမြို့အနီးမှာ နယ်မြေရှင်းလင်းတာတွေပြုလုပ်နေသလို စက်တပ်လေထီးနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
Photo – ဒို့ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW