မတ် ၁၅ – ၂၀၂၅
SN (VOM)
မြန်မာနိုင်ငံက လူဦးရေ တသန်းကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့မှု ရပ်ဆိုင်းမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မနေ့ မတ် ၁၄ ရက်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ရန်ပုံငွေလိုအပ်ချက် အလွန် ကြီးမားလာတာကြောင့် လာမယ့် ဧပြီလမှ စတင်ကာ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ထောက်ပံ့မှု ရပ်ဆိုင်းတာဟာ မြန်မာနိုင်ငံတဝန်းက ထိခိုက်အလွယ်ဆုံး အသိုင်းအဝိုင်းအပေါ် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှု ရှိနိုင်မယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မိုက်ကယ်ဒန်းဖို့ဒ်က အဲဒီထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။
“အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေက အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန် ဆိုးရွားစွာ ရိုက်ခတ်နိုင်ပါတယ်။ ကျွန်တော်တို့ WFP အနေနဲ့ကတော့ မြန်မာပြည်သူတွေကို ထောက်ပံကူညီသွားမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဆက်လက် ကြိုးစား လုပ်ဆောင်နေမှာ ဆိုပေမယ့်လည်း အကူအညီ တကယ်လိုအပ်နေတဲ့ သူတွေဆီ အကူအညီတွေ ဆက်လက် ပေးပို့နိုင်ဖို့ရာ ရန်ပုံငွေတွေ ချက်ချင်းလက်ငင်း ရရှိဖို့ အရေးကြီးပါတယ်” လို့ Michael Dunford က ပြောပါတယ်။
မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ဆက်လုပ်ဖို့ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၆၀ လောက် ရန်ပုံငွေ လိုအပ်နေတယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ရန်ပုံငွေအသစ် မရပါက ထိခိုက်လွယ်တဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ မသန်စွမ်းသူတွေ ပါဝင်တဲ့ လူဦးရေ သုံးသောင်းခွဲ ဝန်းကျင်ကိုသာ ကူညီ ထောက်ပံ့ပေးသွားနိုင်တော့မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အထောက်အပံ့ ရပ်ဆိုင်းမှုဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းတွေ အပါအဝင် WFP ရဲ့ အကူအညီမပါဘဲ စားနပ်ရိက္ခာ လက်လှမ်းမမီနိုင်တဲ့ ရခိုင်ပြည်နယ် အလယ်ပိုင်းရှိ ပြည်တွင်း နေရပ်စွန့်ခွာသူ တသိန်းနီးပါးကိုလည်း ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံအတွင်း ပဋိပက္ခ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုတွေနဲ့ သွားရောက်ကူညီခွင့် ကန့်သတ်ချက်တွေ တိုးမြင့်လာတဲ့အတွက် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေချိန်မှာ အခုလို အထောက်အပံ့ ရပ်ဆိုင်းမှုနဲ့ ကြုံရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
“အခုလို WFP ရဲ့ ရိက္ခာဖြတ်တောက်မှုက အကူအညီ တကယ်လိုအပ်နေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက်ကတော့ ပိုပြီး ကျပ်တည်းသွားနိုင်တယ်၊ ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒီ ထောက်ပံ့မှု ရပ်ဆိုင်းမယ့် အစီအစဉ်က အဆင်ပြေနေကြတဲ့သူတွေအဖို့ အရေးမကြီးပေမယ့် ခုချိန် ဒုက္ခမျိုးစုံ ခံစားနေရတဲ့ စစ်ဘေးရှောင်တွေ၊ အိမ်ခြေမဲ့နေတဲ့ မိသားစုတွေအတွက်ကတော့ အင်မတန်ကို လိုအပ်တယ်၊ အရေးကြီးပါတယ်။ လစဉ် ဆန်၊ ဆီ၊ ပဲ ငွေသားတွေက အဲဒီ WFP Fund က ရနေလို့သာ သူတို့တွေ သက်သာနေကြတာ။ ရပ်ဆိုင်းခံလိုက်ရင်တော့ ဒီလူတွေအနေနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ပိုပြီး ကြုံတွေ့ရနိုင်ခြေ ရှိတယ်” လို့ မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ရှောင်အရေး ဆောင်ရွက်နေသူ တယောက်က ပြောပါတယ်။
မြန်မာနိုင်ငံက လူဦးရေ သန်း ၂၀ ခန့်က လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေပြီး အဲဒီထဲက လူဦးရေ ၁၅ ဒသမ ၂ သန်းလောက်ဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရတယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ WFP ရဲ့ အကူအညီ ရယူနေတဲ့ လူဦးရေ ၁၅ ဒသမ ၂ သန်းဝန်းကျင်ဟာ တနေ့တာ စားနပ်ရိက္ခာ မလုံလောက်တဲ့အရေးနဲ့ ကြုံတွေ့နေရပြီး အဲဒီ ပမာဏဟာ ပြီးခဲ့တဲ့နှစ်က လူဦးရေ ၁၃ ဒသမ ၃ သန်းထက် မြင့်တက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Photo – UN Myanmar