သင်္ကြန်ပိတ်ရက်အတွက် ချောင်းသာ၊ ငွေဆောင်ကမ်းခြေ ဟိုတယ်အများစု ဘိုကင်ပြည့်နေ

မတ် ၁၅ – ၂ဝ၂၅
KKO(VOM)
ဧရာဝတီတိုင်းအတွင်းက ချောင်းသာ၊ငွေဆောင်ကမ်းခြေဟိုတယ်အများစုက ဟိုတယ်တွေကို လာမယ့် သင်္ကြန်ပိတ်ရက်အတွက် အခန်းဘိုကင်မှာယူသူတွေကြောင့် ဘိုကင်တွေပြည့်နေတယ်လို့ ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ခရီးသွားလာသူတွေရဲ့ပြောပြမှုတွေအရ VOM က သိရှိရပါတယ်။
“အခုသင်္ကြန်ပိတ်ရက်မှာ မိသားစုခရီးသွားဖို့ ချောင်းသာဘက်ကို ဟိုတယ်တွေလှမ်းမေးတာ ဘိုကင်တွေအကုန်ပြည့်နေတယ်ပြောတယ်။ခရီးသွားဝန်ဆောင်မှုလုပ်တဲ့ ကုမ္ပဏီတွေကိုလည်း ဖုန်းဆက်တယ်။တော်တော်များများက အခန်းမရှိဘူးလို့ပြောတယ်။ ပြည့်နေတယ်ပြောတယ်။ ဒီနှစ်သင်္ကြန်လည်းကမ်းခြေဘက်တွေမှာ ခရီးသွားတွေနဲ့ စည်မယ်ထင်ပါတယ်”လို့ ချောင်းသာကမ်းခြေကို အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေတဲ့ ရန်ကုန်မြို့မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ယခုတပေါင်းလပြည့်နေ့ အစိုးရရုံးပိတ်ရက် ၅ ရက်မှာလည်း မန္တလေးမြို့က ရွှေစာရံဘုရားပွဲ အပါအဝင် ချောင်းသာ၊ငွေဆောင် ကမ်းခြေဒေသနဲ့ ပုဂံဒေသ၊ကျိုက်ထီးရိုးဒေသဘက်တွေကို ခရီးသွားလာမှုအများဆုံးရှိနေတာကိုတွေ့ရတယ်လို့လည်း ခရီးသွားဝန်ဆောင် မှုလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
“ဒီနှစ်တွေမှာ ဘယ်ဘက်ကို သွားကြတာများလဲဆိုရင် ပုဂံနဲ့ ကျိုက်ထီးရိုးဘက်ကို အသွားအလာများကြတယ်။တချို့ကလည်း သင်္ကြန်အတွက် အခုထဲကစပြီး ခရီးသွား ပက်ကေ့ချ်တွေကိုရောင်းချနေတာတွေရှိပါတယ်။City Plan ပေါ့လေ၊သင်္ကြန်ပိတ်ရက် City Plan အတွက် ပက်ကေ့စ်တွေ ခရီးသွာဝန်ဆောင်မှု အစီအစဉ်တွေ ဒါကိုပုံမှန်အားဖြင့် ဧပြီ ၁ ရက်နေ့ကစရောင်းတာပေါ့။သင်္ကြန်အကြိုနေ့မတိုင်ခင်အထိရောင်းတယ်။တချို့ဂိတ်တွေကလည်း အခုထဲကလက်မှတ်တွေကိုရောင်းပေးနေပြီ၊နောက်တခုက ချောင်းသာ၊ငွေဆောင်ဘက် အသွားများသလို ပုဂံနဲ့ ကျိုက်ထီးရိုးဘက်အများဆုံးသွားကြတယ်။ဘားအံ ဘက်ကတော့ ပုံမှန်ပိတ်ရက်နယ်ပြန်တဲ့ သူလောက်ပဲရှိပါတယ်။ အလည် အပတ်သွားတာနည်းတယ်။နောက်မန္တလေးကတော့ သူက စီးပွားရေးမြို့တော်ဆိုတော့ မန္တလေး ဘက်ကို အသွားအလာတွေကအမြဲရှိပါ တယ်။ခရီးသွားတဲ့သူတွေ ပုံမှန်ရှိပါတယ်။သင်္ကြန်မှာ တချို့ Express လိုင်းအများစုက နားကြတယ်။ဒါပေမဲ့ သင်္ကြန်ရက်မှာထွက်တဲ့ ပုံမှန်ပြေးဆွဲပေးနေတဲ့ Express လိုင်းတွေလည်းရှိပါတယ်။ခရီးသွားတွေက အခုပိတ်ရက်မှာရော သင်္ကြန်အတွက်ကော ရှိနေပါတယ်”လို့ ရန်ကုန်မြို့ရှိ ခရီးသွားဝန်ဆောင်မှု အေဂျင်စီတခုက VOM ကို ပြောပါတယ်။
ဒါအပြင် ငွေဆောင်ဒေသခံတယောက်ကလည်း အခုတပေါင်းလပြည့်နေ့ အစိုးရရုံးရက်ရှည်ပိတ်ရက်ကာလတွေမှာ ခရီးသွားတွေကမ်း ခြေဒေသကို ဝင်လာသလို သင်္ကြန်အတွက်ကြိုတင်အခန်းလှမ်းမှာကြတဲ့သူတွေလည်း အများအပြားရှိနေတယ်လို့ ပြောပါတယ်။
“အခုငွေဆောင်မှာ ခရီးသွားတွေရှိ နေတယ်။ကမ်းခြေမှာကိုရှိတယ်။ခရီးသွားတွေ ပြန်ဝင်လာကြတယ်။ပြောရရင် ဒီနေ့အထိတော့ ဘာအသံမှ ထပ်မကြားသေးဘူးလေ၊နိုင်ငံ ရေးသတင်းတွေ ပုံမှန်ပါပဲ။လက်ရှိမှာ ငွေဆောင်၊ချောင်းသာက အေးချမ်းပါတယ်။ခရီးသွားတွေလည်း ရှိနေတယ်။ချောင်းသာ၊ငွေဆောင်လမ်းလည်း ဖွင့်ပေးထားတယ်။သင်္ကြန်ပိတ်ရက်အတွက်လည်း ဟိုတယ်တွေ တည်းခိုရိပ်သာတော်တော်များများ Guest House အများစုက ဘိုကင်တွေပြည့်နေတယ် ပြောတယ်။ငွေဆောင်၊ချောင်းသာ ကမ်းခြေနှစ်ခုလုံးဧည့်သည်ရှိပါတယ်”လို့ ငွေဆောင်ဒေသခံ တယောက်က VOM ကို ထပ်မံ ပြောပြပါတယ်။
ရန်ကုန်မြို့က ခရီးသွားဝန်ဆောင်မှု အေဂျင်စီ ကုမ္ပဏီတခုကတော့ လာမယ့်သင်္ကြန်ပိတ်ရက်မှာ ခရီးသွားလိုသူတွေပဲဖြစ်ဖြစ်၊နယ်ပြန်လိုသူတွေပဲ ဖြစ်ဖြစ် မှတ်ပုံတင်ကိုယူဆောင်လာဖို့လိုပြီး ယခင်လို နားလည်မှုနဲ့ မှတ်ပုံတင်မပါဘဲ ခရီးသွားခွင့်ကိုတော့ မပြုတော့ဘူးလို့ သိရပါတယ်။
“ခရီးသွားမယ်ဆိုရင်တော့ မှတ်ပုံတင်ပါမှ ရှိမှပဲ ရပါမယ်။အရင်လိုတော့ မှတ်ပုံတင်မပါဘဲနဲ့တော့ သွားလို့မရတော့ပါဘူး။ဘယ်ခရီးပဲ သွားသွားမှတ်ပုံတင်ကတော့ ယူလာရပါမယ်”လို့ သူက ဆက်ပြီး ပြောပြပါတယ်။
ဒါအပြင် လာမယ့် သင်္ကြန်ပိတ်ရက်ရှည်မှာ ချောင်းသာ၊ငွေဆောင် အပါအဝင် ကျိုက်ထီးရိုးနဲ့ ပုဂံဒေသတွေကို ခရီးသွားအများအပြားဝင်ရောက်နိုင်မယ်လို့လည်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေက ခန့်မှန်းထားကြပါတယ်။
Photo: ပုံစာ – ယမန်နှစ် အစိုးရ ရုံးပိတ်ရက်ရှည်မှာ ချောင်းသာကမ်းခြေတွင် မြင်တွေ့ရတဲ့ ခရီးသွားအချို့။

Related posts

Leave a Comment

VOM News

FREE
VIEW