ဒါကာ၊ မတ်-၁၆-၂၀၂၅
မျိုးဆက်(VOM)
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေးနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် သင့်လျော်တဲ့ ပတ်ဝန်းကျင်ဖန်တီးပေးဖို့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးဖို့ လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဒါကာကို ရောက်ရှိချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်သို့ ဘင်္ဂလားဒေ့ရှ်ကနေတဆင့် လူသားချင်းစာနမှုဆိုင်ရာ အကူအညီပေးရေး လမ်းကြောင်းတခုဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ကနဦးဆွေးနွေးခဲ့ကြပြီး ဒါကိုအကောင်အထည်ဖော်ဖို့ ခွင့်ပြုချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အကြံပေး တူဟစ်ဟူစိန်က ဒါကာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီအတွက် အကြမ်းဖက်တို်ကခို်ကမှုတွေကို ဦးစွာရပ်တန့်ရမှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုကတဆင့် ဒီမိုကရေစီနည်းကျ အဖြေရှာဖို့လိုအပ်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေး အဆင်ပြေချော့မွေ့စမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ပြောပါတယ်။
“တချိန်တည်းမှာ သင့်တော်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရေးအတွက် ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ကနေ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ဆွေးနွေးထားတယ် ”လို့ ဂူတာရက်စ်က ပြောပါတယ်။
လက်ရှိအခြေအနေက နစကနဲ့ အေအေတို့အကြား တိုက်ပွဲတွေက ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အလွန်ခက်ခဲပြီး ဒီအကျပ်အတည်းကို အားလုံးစုပေါင်းဖြေရှင်းဖို့လိုတယ်လို့ သူက သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
“ဘင်္ဂလားဒေ့ရှ်တင်မကဲ အိမ်နီးချင်းနိုင်ငံတွေအားလုံးက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး လက်ခံနိုင်လောက်တဲ့ ဖြေရှင်းချက်မျိုးထွက်ပေါ်ဖို့ ဖိအားပေးဖို့လိုတယ် ” လို့ ဂူတာရက်စ်က ဆိုပါတယ်။
အရေးယူပိတ်ဆို့မှုတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ အစီအမံတွေဖြစ်ပေမယ့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ဆိုတာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အတည်ပြုချက်ရဖို့ ခက်ခဲနိုင်ကြောင်း ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်က ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:Bdnews24
Photo: Bdnews24