VOA/RFA သတင်းဌာနတွေ အပါအဝင် အစိုးရအေဂျင်စီဌာနအချို့က ဝန်ထမ်းတွေကို လျှော့ချဖို့ ကန်သမ္မတ အမိန့်တရပ်ထုတ်ပြန်

မတ် ၁၆ – ၂ဝ၂၅
KKO(VOM)
VOA/RFA သတင်းဌာနတွေ အပါအဝင် အစိုးရအေဂျင်စီဌာနအချို့က ဝန်ထမ်းတွေကို အဆုံးစွန်ဆုံးလျှော့ချဖို့ဆိုတဲ့ အမိန့်တရပ်ကို အမေရိကန်သမ္မတ Donald Trump က လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်ပါတယ်။
ကန်သမ္မတထရန့် ရဲ့ဒီအမိန့်အသစ်ဟာ VOA နဲ့ RFA တို့ရဲ့ခေါင်းကိုင် အေဂျင်စီအဖွဲ့ကြီးဖြစ်တဲ့ USAGM (United States Agency for Global Media)ကို တခြားအေဂျင်စီအချို့နဲ့အတူ အမေရိကန်ဖက်ဒရယ်ဗြုရိုကရေစီအုပ်ချုပ်ရေးရဲ့မလိုအပ်တဲ့ကဏ္ဏ/အဖွဲ့အစည်းတွေ အဖြစ်သတ်မှတ်ပြီး ဖျက်သိမ်းရမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က အခုမတ်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ် နေ့စွဲနဲ့ကြေငြာချက်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ထရန့်ရဲ့ဒီအမိန့်အသစ်တရပ်ထွက်ပေါ်လာအပြီးမှာ ဗွီအိုအေ မြန်မာပိုင်းသတင်းဌာနရဲ့ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဥ်တွေကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလမှာ ပြန် လည်ထုတ်လွှင့်သွားမယ်လို့ VOA သတင်းဌာနကြီးက ထုတ်ပြန်ကြေညာထားတာကိုလည်း တွေ့ရပါတယ်။ RFA မြန်မာပိုင်းက တော့ ဆက်လက်ထုတ်လွှင့်နေတာ တွေ့ရပါတယ်။
ဒါကြောင့်မို့ ကန်သမ္မတထရန့်ရဲ့ဒီအမိန့်အသစ်ဟာ VOA/RFA သတင်းဌာနတွေ အပါအဝင် အစိုးရအေဂျင်စီဌာနအချို့အပေါ် တိုက် ရိုက်သက်ရောက်မှုရှိနေတယ်လို့ လေ့လာသုံးသပ်မှုတွေက ဆိုပါတယ်။
ဒါဟာ ၈၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် VOA သတင်းဌာနရဲ့ တင်ဆက်မှုတွေ ရပ်ဆိုင်းသွားရတဲ့အတွက် လွန်စွာဝမ်းနည်းကြောင်း၊ ဌာနရဲ့ ဂျာနယ်လစ်၊ ထုတ်လုပ်သူတွေ၊ ပံ့ပိုးကူညီရေးဝန်ထမ်း ၁၃၀၀ ကျော်ကို အလုပ်ကနေ ခွင့်ပေးလိုက်တာကို ညွှန်ကြား ချက်ရရှိခဲ့တယ်လို့ VOA ရဲ့ ဒါရိုက်တာ မိုက်အေဘရာမိုဝှစ်ဇ်က ပြောပါတယ်။
VOA သတင်းဌာနဟာ ကွန်မြူနစ်ဝါဒ၊ ဖက်ဆစ်ဝါဒကို တိုက်ဖျက်ဖို့ ကမ္ဘာတဝန်းရှိ လွတ်လပ်မှုနဲ့ ဒီမိုကရေစီတိုက်ပွဲတွေမှာ မရှိမဖြစ်ပါဝင်ခဲ့ပြီး အထူးသဖြင့် အာဏာရှင်လက်အောက်မှာ နေထိုင်သူတွေကို မျှတတဲ့ သတင်းအချက်အလက်တွေပေးပြီး ကမ္ဘာတဝန်းလွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို မြှင့်တင်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
အထူးသဖြင့် အီရန်၊ တရုတ်နဲ့ ရုရှားတို့က အမေရိကန်ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေအတွက် ဒေါ်လာဘီလီယံများစွာ သုံးစွဲနေချိန်မှာ ဌာနရဲ့ အရေးကြီးတာဝန်တွေကို ထမ်းဆောင်နိုင်ခြင်းမရှိတော့သလို လွတ်လပ်တဲ့ ကမ္ဘာကိုတည်ဆောက်ဖို့နဲ့ အမေရိကန်ရဲ့အကျိုး စီးပွားကို ကာကွယ်ဖို့ ပျက်ကွက်ခြင်းလည်း ဖြစ်တယ်လို့ VOA ရဲ့ ဒါရိုက်တာ မိုက်အေဘရာမိုဝှစ်ဇ်က ဆိုထားပြီး ကျရာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
ဒီကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ ရပ်တည်တဲ့ သတင်းဌာန အယ်ဒီတာချုပ်တယောက်က သူရဲ့အမြင်ကို ပြောပြတာက
“ထရန့်က စီးပွားရေးအမြင်နဲ့ ထွက်ငွေယိုပေါက်တွေကို ပိတ်တာဆိုပေမယ့် ဒီမိုကရေစီဘိုးအေနိုင်ငံကြီးက ခုလိုလုပ်တာ မသင့်တော်ပါဘူး။ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီဟာ တိုက်ရိုက်အချိုးတူပါတယ်။ ပြည်တွင်းက မရေးရဲ မရေးနိုင်တာတွေ ပြည်ပက လုပ်ခွင့်ရသူတွေက သတင်းစာပညာနဲ့တိုင်းပြည် ကိုအကျိုးပြုသူတွေလည်းရှိတာပဲ။ အမေရိကန်မှာရှိတဲ့ VOA, RFA မြန်မာဌာန နှစ်ခုလုံးက လုပ်ဖော်ကိုင်ဘက်တွေ ဘာဆက်လုပ်မလဲ ဒီတိုင်းတော့ နိဂုံးချုပ်သွားမယ်မထင်ပါဘူး။လွတ်လပ်မျှတတဲ့ သတင်းဌာနတွေ ပေါ်ထွန်းစေချင်ပါတယ်”လို့ သူက ပြောပါတယ်။
VOA သတင်းဌာနကတော့ ဒါဟာသမ္မတ ထရန့်က မလိုအပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အစိုးရလုပ်ငန်းတွေရဲ့ဗျူရိုကရေစီယန္တယားတွေကို ဆက်လက်လျှော့ချဖို့ ရည်ရွယ်ချက်ဖြစ်နိုင်ပြီး ဥပဒေအရ လိုအပ်တယ်လို့ ပြဌာန်းထားတဲ့ဌာနတွေမှာ လုပ်ငန်းနဲ့ ဝန်ထမ်းတွေကို နည်းနိုင်သမျှ အနည်းဆုံးအထိ လျှော့ချဖို့နဲ့ ဥပဒေအရ လိုအပ်ချက်အဖြစ် ပြဌာန်းမထားတဲ့ လုပ်ငန်းတွေကို ဖျက်သိမ်းရမယ်လို့ သမ္မတအမိန့်မှာ ပြောဆိုထားတာကိုတွေ့ရတယ်လို့ ရေးသားဖော်ပြထားပါတယ်။
VOA အပါအဝင် သတင်းလုပ်ငန်းပေါင်း ၆ ခုကို ကြီးကြပ်တဲ့ USAGM ဟာ ကမ္ဘာတဝန်း ဘာသာစကားစုစုပေါင်း ၆၄ မျိုးနဲ့ ရုပ်သံထုတ်လွှင့်နေတာဖြစ်ပါတယ်။
VOA နဲ့ RFA တို့ရဲ့ခေါင်းကိုင်အေဂျင်စီကြီးဖြစ်တဲ့ USAGM လုပ်ငန်းအပြင် လုပ်ငန်းနဲ့ ဝန်ထမ်းတွေ လျှော့ချဖို့ သမ္မတ Trump အမိန့်ထုတ်ခဲ့တဲ့ နောက်ထပ်ဌာနတွေကတော့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုနဲ့ အလုပ်သမားရေး ဖြေရှင်းဆောင်ရွက်ပေးရေးဌာနဖြစ်တဲ့ Federal Mediation and Conciliation Service, အိုးမဲ့အိမ်မဲ့အများအတွက်ဌာန US Interagency Council on Homelessness, လူနည်းစုပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဌာန The minority Business Development Agency စတာတွေအပြင် ပြတိုက်နဲ့စာကြည့်တိုက်များဌာန၊ Woodrow Wilson International Center စတဲ့ ပညာရှင်နဲ့သုတေသနဌာန စတဲ့ ပြည် ထောင်စုအစိုးရဌာနတွေ ပါဝင်တယ်လို့
သိရပါတယ်။
ဒီဌာနတွေရဲ့ အကြီးအကဲတွေအနေနဲ့ ဘယ်လို့ လျှော့ချမှုတွေ လုပ်မယ်ဆိုတာကို (၇)ရက်အတွင်း လိုက်နာဆောင်ရွက်ကြောင်း အစီရင်ခံစာကို အစိုးရလုပ်ငန်းများ စီမံခန့်ခွဲရေးနဲ့ ဘတ်ဂျက်ရုံး ညွှန်ကြားရေးမှုးဆီ ပေးပို့ဖို့လည်း သမ္မတ Trump ရဲ့ အမိန့်မှာ ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် လက်ရှိအခြေအနေကိုဘယ်သူမှ မသိရှိရသေးသလို တပတ်လောက်စောင့်ကြည့်ပါလို့ RFA သတင်းဌာနက ဝန်ထမ်းတယောက် က ဆိုထားပါတယ်။
ဒါဟာ အ‌မေရိကန် ပြည်ထောင်စုအစိုးရရဲ့ အသုံးစရိတ်တွေ သိသိသာသာ လျှော့ချရေးနဲ့ လုပ်ငန်းတွေ မြန်ဆန်ထိရောက်ရေးအတွက် သမ္မတ ထရန့်က သူစတင်တာဝန်ယူတဲ့ နေ့ကစလို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ရေးသားဖော်ပြထားကြပါတယ်။
Ref – RFA/VOA

Related posts

Leave a Comment

VOM News

FREE
VIEW