လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က လျှို့ဝှက်ဆန်းကျယ် ပျောက်ဆုံးသွားတဲ့ မလေးရှားခရီးသည်တင်လေယာဉ်ကို ပြန်လည်ရှာဖွေမယ်

ကွာလာလမ်ပူ၊ မတ်-၂၀–၂၀၂၅
ရတီ(VOM)
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က လျှို့ဝှက်ဆန်းကျယ် ပျက်ကျ ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်းလိုင်း MH370 လေယာဉ်ရဲ့အပျက်အစီးတွေကို ပြန်လည်ရှာဖွေရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ မလေးရှားအစိုးရက အတည်ပြုလိုက်ပါတယ်။
မလေးရှားအစိုးရနဲ့ အိုရှင်းအင်းဖက်နကီ ကုမ္ပဏီတို့သဘောတူညီချက်အရ လေယာဉ်ပျက်ကျတယ်လို့ ယူဆရတဲ့ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း စတုရန်းကီလိုမီတာ ၁၅၀၀၀ ကျယ်ဝန်းတဲ့ ဧရိယာမှာ ရှာဖွေမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
လေယာဉ်အပျက်အစီးတွေကို ရှာဖွေတွေ့ရှိမယ်ဆိုရင် ကုမ္ပဏီအနေနဲ့ ဒေါ်လာသန်း ၇၀ ရရှိမှာဖြစ်တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။ မလေးရှားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် MH370 ဟာ ကွာလာလမ်ပူကနေ ပေကျင်းကို ပျံသန်းစဉ် ၂၀၁၄ ခုနှစ်မှ ပျက်ကျပျောက်ဆုံးခဲ့တာပါ။
လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း ၂၃၉ ယောက်လိုက်ပါခဲ့ပြီး လေယာဉ်ပျောက်ဆုံးမှုဟာ ကမ္ဘာပေါ်မှာ လေကြောင်းဆိုင်ရာ လျှို့ဝှက်ဆန်းကျယ်မှုတွေထဲက တခုလည်းဖြစ်ပါတယ်။ ပျောက်ဆုံးခဲ့တဲ့ နှစ်တွေအတွင်း ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အပျက်အစီးတွေကို မတွေ့ခဲ့ပါဘူး။
ဒေါ်လာသန် ၁၅၀ ကျော်အကုန်အကျခံခဲ့တဲ့ နိုင်ငံစုံရှာဖွေမှုအပါအဝင် ယခင်ကရှာဖွေမှုတွေဟာ ၂၀၁၇ ခုနှစ်မှာ အဆုံးသတ်ခဲ့ကြပါတယ်။ မလေးရှားအစိုးရဟာ လေယာဉ်ပြန်လည်ရှာဖွေရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလမှာ မူအားဖြင့် သဘောတူခဲ့ပြီး မတ်လအတွင်းမှာတော့ ညှိနှိုင်းမှုတွေ ပြီးစီး သဘောတူခဲ့ပါတယ်။
လေယာဉ်ဟာ ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်မှာ ကွာလာလမ်ပူလေဆိပ်က ပျံတက်ပြီး တနာရီမပြည့်ခင် လေကြောင်းထိန်းချုပ်ရေးစင်တာနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး လမ်းကြောင်းမှ သွေဖွယ်သွားတယ်လို့ ရေဒါမှာ ဖော်ပြထားပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း တနေရာမှာ ပျက်ကျခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW