ကျိုင်းတုံ – တာချီလိတ်လမ်းမှာ ကုန်တင်ကားမှောက်လို့ ယာဉ်မောင်းသေဆုံးပြီး သုံးယောက် ဒဏ်ရာရ

မတ် ၂၁၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ – တာချီလိတ် သွားလမ်း ကျိုင်းတုံမြို့နယ်အတွင်းရှိ ပန်ကွဲတောင် အဆင်းမှာ မတ်လ ၂၀ ရက်နေ့ည ၆ နာရီ ကျော်ခန့်က ၁၀ ဘီးကုန်တင်ကားတိမ်းမှောက်လို့ ယာဉ်မောင်း သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိကြောင်း လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
“ကားပေါ်မှာ လေးယောက်ပါတာ။ တယောက်က ဆုံးသွားတယ်။ ကား ဆရာပေါ့။ သုံးယောက်ကို ဆေးရုံပို့ထားတယ်။” လို့ လူမှုကုညီရေး အသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။
အဲဒီ တိမ်းမှောက် သွားတဲ့ကားက တာချီလိတ်က ဘိလပ်မြေတွေ၊ သံချောင်းတွေ တင်လာတဲ့ ကား ဖြစ်ပြီး ဆမ်တန်း ကုမ္ပဏီက ကားဖြစ်ကြောင်း သူက ပြောပါတယ်။
ကျိုင်းတုံမြို့၊ မိုင်းဇင်းအုပ်စု၊ ပန်ကွဲတောင်အဆင်း ပန်လော့ အထက်ရွာ နတ်စင်ကွေ့၊ မိုင်တိုင်အမှတ် ၄၀၃/၇ နဲ့ ၄၀၄/၀ ကြားမှာ မတ်လ ၂၀ ရက်နေ့ ည ၆ နာရီခွဲ ဝန်းကျင်ခန့်က ဖြစ်သွားတာလို့ဆိုပါတယ်။
“အဲဒီ နားမှာ ခဏခဏ ဖြစ်တယ်။ အခုနဲ့ဆို သုံးခါ ရှိပြီ။ အရင် တခါ ခုနှစ်ယောက် ဆုံးသွားတာလည်း ဒီနေရာပဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ယာဉ်နောက်လိုက်က ကားအောက် ညှပ်သွားတာကြောင့် ခက်ခက်ခဲခဲ ထုတ်ယူ ခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ ည ၈ နာရီ ကျော်ခန့်ကလည်း ကျိုင်းတုံမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ စပါယ်ရှယ်တောင်၊ လက်ပံကွေ့ ၁ ၊ မိုင်တိုင်အမှတ် ၃၆၆ မိုင် ၆/၇ ဖာလုံ ကြားမှာ တာချီလိတ် ကနေ မန္တလေးဘက် မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ် တစီး လမ်းဘေးသို့ထိုးကျသွားလို့ ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၈ ယောက်ထဲက အမျိုးသား ငါးယောက်နဲ့ အမျိုးသမီး နှစ်ယောက် ယောက်သေဆုံးကာ တချို့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
Photo Crd# တိုင်းနေ နာရေးကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW